ပဲခူး ဩဂုတ် ၁၁
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ ဩဂုတ်လ(၁၁)ရက်နေ့၊ နံနက်ပိုင်းက ခရိုင်/မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီများနှင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေး အမှတ်စဉ်(၄/၂၀၂၅) ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ ဦးတည်ချက်(၄)ရပ်နှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။ ၎င်းနောက် ခရိုင်/ မြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌများအနေဖြင့် မိမိတို့၏ မြို့နယ်အလိုက် အုပ်ချုပ်ရေး၊ စီးပွားရေး၊ လူမှုရေး ဆိုင်ရာကိစ္စရပ်များကို အရှိန်အဟုန်မပြတ် ဆက်လက်ဆောင်ရွက်သွားရမှာဖြစ်ပြီး ဒေသတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် MSME လုပ်ငန်းများ နှစ်အလိုက် ချမှတ်ထားသည့် စီမံချက်များ အပေါ် သတ်မှတ်ရာခိုင်နှိုင်းအတိုင်း တိုးတက်မှုရရှိရေး ကြိုးစားဆောင်ရွက်သွားရမှာဖြစ်ကြောင်း၊ မြို့နယ် အလိုက် အခြေခံစားသုံးကုန်များဖြစ်သည့် ဆန်၊ ဆီ၊ အသား၊ ငါး၊ ဥ၊ နို့ ဖူလုံမှုရှိစေရေး ဦးစားပေး ဆောင်ရွက်သွားရမှာဖြစ်ပြီး ဒေသတွင်းကုန်ဈေးနှုန်း တည်ငြိမ်မှုရှိစေရေးကိုလည်း အလေးထားဆောင် ရွက်သွားရမှာဖြစ်ကြောင်း၊ ယခုနှစ်သည် မိုးဦးကောင်းပြီး အဆက်မပြတ်မိုးရွာသွန်းမှုကြောင့် မိုးသီးနှံများ ထိခိုက်ပျက်စီးမှုအပေါ် ပြန်လည်ကုစားနိုင်ရေး ကြိုတင်ပြင်ဆင်ထားရန်နှင့် မိုးသီးနှံ စိုက်ပျိုးထုတ်လုပ်မှု လျော့နည်းမှုမရှိစေရေး ကွင်းဆင်းဆောင်ရွက်သွားရမှာဖြစ်ကြောင်း၊ ရေကြီးရေနက်ကွင်းများအတွင်း ရေဖောက်ထုတ်နိုင်ပါက ရေတော်မိုးတော်ဧကများ တိုးတက်လာမှာဖြစ်၍ ရေဖောက်ထုတ်မည့် လုပ်ငန်း စီမံချက် တင်ပြပေးရမှာဖြစ်ကြောင်း၊ စက်မှုလယ်ယာသို့ ပြောင်းလဲနိုင်ရေးအတွက် တောင်သူတစ်ပိုင် တစ်နိုင် လယ်ယာသုံးစက်ကိရိယာများ ဝယ်ယူအသုံးပြုနိုင်ရေးနှင့် မြို့နယ်အလိုက် လယ်ယာသုံး စက်ကိရိယာများ လွှမ်းခြုံမှုရရှိရေး ဆောင်ရွက်သွားရမှာဖြစ်ကြောင်း၊ ပညာရေးနှင့်ပတ်သက်၍ အခြေခံ ပညာကျောင်းများအလိုက် ဆရာ/ဆရာမ လိုအပ်ချက်မရှိစေရေးနှင့် တန်းစဉ်ကူးပြောင်းမှု တိုးတက်စေရေး အလေးထားဆောင်ရွက်သွားရမှာဖြစ်ကြောင်းနှင့် မြို့ရွာသန့်ရှင်းသာယာလှပ စိမ်းလန်းစိုပြေစေရေးနှင့် MSME ထုတ်ကုန်များအား ပြည်ပပို့ကုန်အဆင့်ထိ တင်ပို့နိုင်ရေး ထုတ်ပိုးမှုစနစ်မှစ၍ ဈေးကွက်ရှာဖွေရရှိမှု အဆင့်ထိ ပူးပေါင်းဆောင်ရွက်ပေးကြစေလိုကြောင်း ပြောကြားခဲ့သည်။
ထို့နောက် ခရိုင်/မြို့နယ် ခရိုင်/မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌများက မြို့နယ် အလိုက် အုပ်ချုပ်ရေး၊ စီးပွားရေး၊ လူမှုရေးဆိုင်ရာ အချက်အလက်များအား Power Point ဖြင့် အသေးစိတ် ရှင်းလင်းတင်ပြခဲ့ကြရာ တက်ရောက်လာသည့် တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများက သက်ဆိုင်ရာ ကဏ္ဍအလိုက် ဖြည့်စွက်ရှင်းလင်းတင်ပြခဲ့ကြသည်။
ယင်းနောက် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် အစိုးရအဖွဲ့ အတွင်းရေးမှူးတို့က သက်ဆိုင်ရာဦးစီး ဌာနအလိုက် စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် MSME ကဏ္ဍ ဟန်ချက်ညီညီ ဖွံ့ဖြိုးတိုးတက်စေရေး ဝိုင်းဝန်း အကြံပြုဆေွးနွေးတင်ပြခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက မြို့နယ်တစ်ခုချင်းအလိုက် စားရေရိက္ခာဖူလုံစေရေးနှင့် ဒေသဖွံ့ဖြိုးရေးကဏ္ဍများအပေါ် အသေးစိတ်ဖြည်စွက်လမ်းညွှန် မှာကြားခဲ့ ကြောင်း သတင်းရရှိသည်။