ရွှေတောင် ဩဂုတ် ၁၈
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် အတူ ယမန်နေ့၊ မွန်းလွဲပိုင်းက ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်အတွင်း စိုက်ပျိုး ရေးနှင့် MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းကြည့်ရှုအားပေးခဲ့သည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် တာဝန်ရှိသူများသည် ရွှေတောင် မြို့နယ်၊ နွားခြံကုန်းကျေးရွာအုပ်စု၊ ကျွန်းတန်းရိုးကျေးရွာ၊ ကွင်းအမှတ်(၄၅၉-က)၊ ရှမ်းကုန်းကွင်းအတွင်းရှိ မိုးမြေပဲစံပြစိုက်ခင်း တစ်ကွင်းတစ်ဆက်တည်းဧက(၁၀၀) ရိတ်သိမ်းနေမှုသွားရောက်ကြည့်ရှုအားပေးခဲ့ပြီး ဒေသခံတောင်သူများနှင့်တွေ့ဆုံ၍ ကုန်ကြမ်းအဖြစ် မရောင်းချစေပဲ မြေပဲဆီထုတ်လုပ်ရောင်းချခြင်း နှင့် မြေပဲဆီထုတ်လုပ်ခြင်းမှ ထွက်ရှိလာသည့် ပဲဖတ်များဖြင့် တိရစ္ဆာန်အစာလုပ်ငန်းများ ဆောင်ရွက်ရန် ပြောကြားခဲ့သည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် မြို့မကျေးရွာအုပ်စု၊ ဆင်ရှင်ကျေးရွာ၌ မိရိုးဖလာ စက်ယက္ကန်းလုပ်ငန်းများအား သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး ဒေသတစ်ခုလုံး ယက္ကန်းလုပ်ငန်း ဖြင့် အသက်မွေးဝမ်းကြောင်းပြုလုပ်ခြင်းသည် “ကျေးရွာတစ်ခု ထုတ်ကုန်တစ်ခု” အနေဖြင့် တိုက်ရိုက် ဈေး ကွက်ဖော်ဆောင်ပေးရန်၊ ကိုယ်ပိုင်တံဆိပ်ဖြင့် ထုတ်ပိုးအဆင့်မြှင့်တင်၍ ဆောင်ရွက်သွားရန်၊ ယက္ကန်း လုပ်ငန်းသည် မိသားစုအလိုက် ဝင်ငွေရသည့် လုပ်ငန်းတစ်ခုဖြစ်၍ အစုအဖွဲ့စနစ်ဖြင့် အသင်းအဖွဲ့များ ဖွဲ့စည်း၍ ချေးငွေရရှိရေးနှင့် နည်းပညာတိုးတက်မြင့်မားရေး ဆောင်ရွက်ပေးရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ပြီး ဒေသထွက် ပုဆိုး၊ လုံခြုံခင်းကျင်းပြသထားမှုအား ကြည့်ရှုအားပေးခဲ့သည်၊
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဝန်ကြီးများသည် ပြည်မြို့၊ “ရွှေဝါထွန်း” လယ်ယာသုံး စက်ကိရိယာထုတ်လုပ်ရေး အလုပ်ရုံသို့ သွားရောက်၍ မြေကွက်ကျယ်ခြံကွက်များ အချိန်တိုအတွင်း ရှင်းလင်းနိုင်ရေး မြက်ရှင်းစက်ထုတ်လုပ်နေမှုနှင့် စပါးသီးနှံပန်းတိုင်အထွက်နှုန်းရရှိရေးနှင့် တစ်ဧက စိုက်ပျိုး စရိတ်သက်သာစေရေး Drum Seeder များ ထုတ်လုပ်တပ်ဆင်နေမှုတို့အား ကြည့်ရှုအားပေး ခဲ့သည်။ ၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ပြည်မြို့၊ ကမ်းနားလမ်း အဆင့်မြှင့်တင်နေမှုနှင့် ဧရာဝတီ မြစ်ဘေး ကျောက်စီမြေကာနံရံတည်ဆောက်နေမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး ကမ်းနားလမ်း တစ်လျှောက် အစဉ်သန့်ရှင်းသာယာလှပစေရေး ဆောင်ရွက်ရန်နှင့် သတ်မှတ်ကာအတွင်း စံချိန်စံညွှန်းနှင့်အညီ အချိန်မီပြီးစေရေးဆောင်ရွက်ရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။