ပဲခူး ဖေဖော်ဝါရီ ၈
=============

ပဲခူးမြို့၊ ဗုဒ္ဓအသံဓမ္မဗိမာန်တော်ကြီးနှင့် ရွှေမော်ဓောဘုရားရင်ပြင်တော်ရှိ ကျောက်ပန်းတောင်း ဓမ္မာရုံတို့တွင် ဖေဖော်ဝါရီလ(၈)ရက်နေ့၊ နံနက်ပိုင်းက ပရိယတ္တိသဒ္ဓမ္မရက္ခိတ(ပဲခူး)အသင်းကြီးမှ ကြီးမှူး၍ (၃၅)ကြိမ်မြောက် သာမဏေကျော်လင်္ကာရစာမေးပွဲတွင် ဝင်ရောက်ဖြေဆို နေကြသော ရဟန်း၊သာမဏေ၊သီလရှင်များအား ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ နေ့ဆွမ်းဆက်ကပ် လှူဒါန်းခြင်း အခမ်းအနားကျင်းပပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ကြည်ညို ခဲ့သည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဥပဒေချုပ်၊ အတွင်းရေးမှူး၊ ပရိယတ္တိသဒ္ဓမ္မရက္ခိတ(ပဲခူး)အသင်းကြီးမှ တာဝန်ရှိသူများ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများမှ (၃၅)ကြိမ်မြောက် သာမဏေကျော်လင်္ကာရစာမေးပွဲတွင် ဝင်ရောက်ဖြေဆိုနေကြသော ရဟန်း၊ သာမဏေ၊ သီလရှင်များနှင့် ကြီးကြပ်ရေးဆရာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် တာဝန်ရှိသူများသည် ကြီးကြပ်ရေး ဆရာတော်များအား ဖူးမြော်ကန်တော့ခဲ့ပြီး လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် စာအောင်ဆုနှင်းသဘင် အခမ်းအနားအတွက် ဝတ္ထုငွေကျပ်သိန်း(၃၀)အား ဆက်ကပ်လှူဒါန်းခဲ့ကာ ဗုဒ္ဓအသံဓမ္မဗိမာန်နှင့် ရွှေမော်ဓောဘုရား ရင်ပြင်တော်ပေါ်ရှိ ကျောက်ပန်းတောင်းဓမ္မာရုံတို့၌ ပထမအဆင့်၊ ဒုတိယအဆင့်၊ တတိယအဆင့် သာမဏေကျော်လင်္ကာရစာမေးပွဲတွင် ဝင်ရောက်ဖြေဆိုနေကြသော ရဟန်း၊ သာမဏေ၊ သီလရှင်များ ကြည့်ရှုကြည်ညိုခဲ့ကြောင်း သိရှိရသည်။
အဆိုပါ (၃၅)ကြိမ်မြောက် သာမဏေကျော်လင်္ကာရစာမေးပွဲအား တိုင်းဒေသကြီး/ပြည်နယ် အသီးသီးမှ ရဟန်း၊ သာမဏေနှင့်သီလရှင်များ ကြွရောက်စာမေးပွဲဖြေဆိုကြရာတွင် ပထမအဆင့်တွင် (၆၅၇)ပါး၊ ဒုတိယအဆင့်တွင်(၁၂၅)ပါးနှင့် တတိယအဆင့်တွင်(၄၈)ပါး၊ စုစုပေါင်း ရဟန်း၊ သာမဏေ၊ သီလရှင်(၈၂၀)ပါး ဝင်ရောက်ဖြေဆိုလျက်ရှိပြီး ဖြေဆိုအောင်မြင်တော်မူကြသည့် ရဟန်း၊ သာမဏေ၊ သီလရှင်များအား ဖေဖော်ဝါရီလ(၁၀)ရက်နေ့တွင် စာအောင်ဆုနှင်းသဘင်ပွဲ ကျင်းပပြုလုပ်မည်ဖြစ် ကြောင်း သတင်းရရှိသည်။
 
					 
 ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ Bago Region Government – Official Website
					ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ Bago Region Government – Official Website