ပဲခူး နိုဝင်ဘာ ၂

ပဲခူးမြို့၊ ဗုဒ္ဓအသံဓမ္မဗိမာန်တော်ကြီး၌ နိုဝင်ဘာလ(၂)ရက်နေ့၊ နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော (ပန္နရသမအကြိမ်) စုပေါင်းမဟာဘုံကထိန် သင်္ကန်းဆက်ကပ် လှူဒါန်းပွဲ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားကိုဖွင့်လှစ်ပြီး တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက် အမှူးပြုသော အစိုးရအဖွဲ့ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာ များနှင့် ဧည့်ပရိသတ်များက နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဝင်၊ ပဲခူးမြို့၊ ဥဿာသီရိစာသင်တိုက်၊ ပဓာနနာယက အဂ္ဂမဟာပဏ္ဍိတ ဒေါက်တာ ဘဒ္ဒန္တသူရိယ အရှင်သူမြတ်ထံမှ ငါးပါးသီလခံယူ ဆောက်တည်ကြ သည်။
ထို့နောက် ဆရာတော်/သံဃာတော် အရှင်သူမြတ်များက မေတ္တာသုတ်ပရိတ်တရားတော်များ ရွတ်ပွားသရဇ္ဇျာယ်ချီးမြှင့်တော်မူကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ တာဝန်ရှိသူများက ကထိန်လျာမြတ်သင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ် လှူဒါန်းပူဇော်ခဲ့ကြရာ ပဲခူးမြို့၊ သာသနာ့မဏ္ဍိုင်ပါဠိတက္ကသိုလ်ကျောင်းတိုက်၊ ပဓာနနာယက အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တသိရိန္ဒ အရှင်သူမြတ်ထံမှ ကထိန်အနုမောဒနာတရား နာယူ၍ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချ အမျှအတမ်းပေးဝေခဲ့ကြသည်။
ယင်းနောက် အခမ်းအနားမှူးက မဲကျရာပဒေသာပင်များအား ဖတ်ကြားလျှောက်ထားခဲ့ပြီး ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ အခမ်းအနားကို ရုတ်သိမ်းကာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဇနီးတို့က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော (ပန္နရသမအကြိမ်) စုပေါင်း မဟာဘုံကထိန်သ င်္ကန်း ဆက်ကပ်လှူဒါန်း အောင်ပွဲအထိမ်းအမှတ်ဖြင့် ရတနာရွှေမိုးငွေမိုး ရွာသွန်းဖြိုးကာ ဘုရားအမှူးပြုသော ဆရာတော်/သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြသည်။
အဆိုပါ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော (ပန္နရသမအကြိမ်) စုပေါင်းမဟာ ဘုံကထိန်အား ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့်အတူ ဌာနဆိုင်ရာများ စုပေါင်း၍ နေ့ဆွမ်း ဆက်ကပ် လှူဒါန်းခြင်း၊ လှူဖွယ်ဝတ္ထုနှင့် ပစ္စည်းတန်ဖိုး စုစုပေါင်း(၁၀၄၃၂၀၅၀၀)ကျပ်ဖြစ်ကြောင်း သတင်းရရှိသည်။
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ Bago Region Government – Official Website