Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဆန္ဒမဲပေးပိုင်ခွင့်ရှိသူအားလုံး မဲစာရင်းပါရှိနိုင်ရေး ဆောင်ရွက်ပေးရန် လမ်းညွှန်မှာကြား

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဆန္ဒမဲပေးပိုင်ခွင့်ရှိသူအားလုံး မဲစာရင်းပါရှိနိုင်ရေး ဆောင်ရွက်ပေးရန် လမ်းညွှန်မှာကြား

ပဲခူး နိုဝင်ဘာ ၂၃

          ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် နိုဝင်ဘာလ(၂၃)ရက်နေ့၊ နံနက်ပိုင်းက ပဲခူးမြို့နယ်အတွင်း MEVM မဲပေးစက်ဖြင့် မဲပေးခြင်းသရုပ်ပြသနေမှုများအား ကွင်းဆင်းကြည့်ရှုအားပေးခဲ့ သည်။

          ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ပဲခူးမြို့၊ မြို့သစ်ရပ်ကွက်အုပ်ချုပ်ရေးမှူး ရုံး၌ ဒုတိယအကြိမ် မဲစာရင်းထုတ်ပြန်ကြေညာထားရှိမှုနှင့် ပုညနိမ္မိတဓမ္မာရုံကြီး၌  MEVM မဲပေးစက်ဖြင့် မဲပေးခြင်းသရုပ်ပြသနေမှုများအား ကြည့်ရှုအားပေးခဲ့သည်။ ၎င်းနောက် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၌ ကျင်းပပြုလုပ်သည့် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ တက်ရောက်ခဲ့ပြီး မြို့နယ်/ဒေသ အလိုက် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူအားလုံး မဲစာရင်းပါရှိနိုင်ရေး အထူးအလေးထား ဆောင်ရွက်သွားရန်နှင့် မဲရုံများ အလိုက် ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။

          ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်သည်နှင့် တာဝန်ရှိသူများသည် ပဲခူးမြို့နယ်၊ ကမာနက်ကျေးရွာ ကုန်ထုတ်လမ်းပေ(၅၀၀)နှင့် ရေပြွန်တည်ဆောက်မည့်နေရာသို့ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး စိုက်ပျိုးထွက် ရှိလာသည့် စိုက်ပျိုးသီးနှံများ ဈေးကွက်အတွင်းသို့ လွယ်ကူလျင်မြန်စွာ ရောက်ရှိစေရေး၏ အခြေခံသည် ကုန်ထုတ်လမ်းများဖြစ်၍ စိုက်ပျိုးရာသီအမီ အမြန်ဆုံးဆောင်ရွက်ပေးရန် တာဝန်ရှိသူများအား လမ်းညွှန်မှာ ကြားခဲ့သည်။

          ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ကမာနက်ကျေးရွာတွင်းလမ်း အရှည်(၂၂၀၀)ပေ ကွန်ကရစ်လမ်းခင်းပေးနိုင်ရေး ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး ကျေးရွာတွင်းလမ်းဖြစ်၍ လမ်းဘေးရေမြောင်း ထည့်သွင်းတည်ဆောက်ရန်၊ ကျေးရွာအတွင်း ရေဝင်/ရေထွက်ပေါက်များ ပြန်လည်စစ်ဆေးရန်နှင့် လမ်းဧရိယာ အတွင်း ကျူးကျော်မှုများမရှိစေရေး လမ်းညွှန်မှာကြားခဲ့သည်။

          ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပဲခူးမြို့နယ်၊ ရွှေတန်ကျေးရွာသို့ ရောက်ရှိခဲ့ပြီး ကျေးရွာတွင်းလမ်း အရှည်(၅)ဖာလုံအား ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ပေးနေမှုအား ကွင်းဆင်း ကြည့်ရှုခဲ့ပြီး ကျေးရွာတွင်းလမ်းများ အဆင့်မြှင့်တင်ပေးခြင်းနှင့်ပတ်သက်၍ ကျေးရွာသူ/သားများက ရေရှည် အသုံးပြုနိုင်ရေး ထိန်းသိမ်းစောင့်ရှောက်ရန်နှင့် ကျေးရွာအဝင်လမ်းများတွင် အရိပ်ရသော သီးပင်စားပင်များ စိုက်ပျိုးရန် လမ်းညွှန်မှာကြားခဲ့ပြီး ဒေသခံတောင်သူများနှင့်တွေ့ဆုံ၍ ပြည်ပဈေးကွက်ရှိပြီး တန်ဖိုးမြှင့် ပေါ်ဆန်းစပါးမျိုးများ တိုးချဲ့စိုက်ပျိုးနိုင်ရေး တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။