ပဲခူး မတ် ၁၃

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပပြုလုပ်သည့် ၂၀၂၅ ခုနှစ်၊ ဓမ္မာစရိယစာမေးပွဲ၊ ပါဠိပထမပြန်စာမေးပွဲနှင့် တိပိဋကဓရတိပိဋကကောဝိဒစာမေးပွဲတို့တွင် ဖြေဆိုအောင်မြင်တော်မူခဲ့ကြသော စာအောင်သံဃာ များနှင့် အဘိဓမ္မာ၊ ဂုဏ်ထူးဆောင်နှင့် ဝိသုဒ္ဓိမဂ်စာမေးပွဲတွင် ဖြေဆိုအောင်မြင်ခဲ့ကြသည့် လူပုဂ္ဂိုလ် တို့အား စာအောင်ဆုဆက်ကပ် လှူဒါန်းပွဲ အခမ်းအနားကို မတ်လ(၁၃)ရက်နေ့ နံနက်ပိုင်းက ပဲခူးမြို့၊ ဗုဒ္ဓအသံဓမ္မဗိမ္မာန်တော်ကြီး၌ ကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ကြည်ညိုခဲ့သည်။
ရှေးဦးစွာ ကြွရောက်လာကြသည့် ဆရာတော်ကြီးများ၊ စာအောင်သံဃာများ၊ ပဲခူးတိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း အမှူးပြုသော ဧည့်ပရိတ်သတ်များက “နမောတဿ” သုံးကြိမ်ရွတ်ဆို ဘုရား ကန်တော့၍ အခမ်းအနားအား ဖွင့်လှစ်ပြီး ပဲခူးမြို့၊ ကြခတ်ဝိုင်းပရိယတ္တိစာသင်တိုက်ကြီး၏ ဦးစီးပဓာန နာယက အဂ္ဂမဟာပဏ္ဍိတ၊ ဘဒ္ဒန္တဉေယျဓမ္မာဘိဝံသ မဟာထေရ်ဆရာတော် အရှင်သူမြတ်ကြီးထံမှ ငါးပါး သီလ ခံယူဆောက်တည်ကြကာ ကြွရောက်လာသည့် ဆရာတော်အရှင်သူမြတ်များက မေတ္တာသုတ် ပရိတ် တရားတော်များ ရွတ်ဖတ်သရဇ္စျာယ်တော်မူကြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက သာသနာရေးဆိုင်ရာများ ဖတ်ကြား လျှောက်ထားပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ တာဝန်ရှိသူများက ဆရာတော်ကြီးများအား လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းကာ ၂၀၂၅ခုနှစ်၊ ဓမ္မာစရိယစာမေးပွဲ၊ ပါဠိပထမပြန်စာမေးပွဲနှင့် တိပိဋကဓရတိပိဋကကောဝိဒစာမေးပွဲတို့တွင် ဖြေဆိုအောင်မြင်တော်မူခဲ့ကြသော သံဃာတော်များနှင့် သီလရှင်(၁၁၄၇)ပါးတို့အတွက် ဘွဲ့တံဆိပ်တော်နှင့် စာအောင်ဆုများအား ဆက်ကပ်လှူဒါန်းကြသည်။ ၎င်းနောက် အဘိဓမ္မာ၊ ဂုဏ်ထူးဆောင်နှင့် ဝိသုဒ္ဓိမဂ်စာမေးပွဲတွင် တိုင်းဒေသကြီးအဆင့် နှစ်ချင်း(သုံးဆင့်) ဖြေဆို အောင်မြင်ခဲ့ကြသည့် လူပုဂ္ဂိုလ် (၈)ဦးတို့အား တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ထပ်မံဂုဏ်ပြုဆုငွေများ အသီးသီးပေးအပ် ချီးမြှင့်ခဲ့ကြသည်။
ယင်းနောက် အဘိဓဇမဟာရဋ္ဌဂုရု သာသနာ့မဏ္ဍိုင်ပါဠိတက္ကသိုလ် ကျောင်းတိုက်ကြီး၏ ဦးစီးပဓာနနာယက ဘဒ္ဒန္တသိရိန္ဒ မဟာထေရ်ဆရာတော် အရှင်သူမြတ်ကြီးထံမှ လှူဒါန်းမှုအစုစုတို့အတွက် အနုမောဒနာတရား နာကြား၍ ရေစက်သွန်းလောင်း အမျှပေးဝေကာ ဗုဒ္ဓသာသနံစိရံတိဠတု(၃)ကြိမ် ရွတ်ဆို ဆုတောင်း၍ အခမ်းအနားအား ရုပ်သိမ်းခဲ့ကြသည်။ ၎င်းနောက် ကြွရောက်လာသည့် ဆရာတော်၊ သံဃာတော် အရှင်သူမြတ်တို့အား နေ့ဆွမ်း ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
ပဲခူးတိုင်းဒေသကြီးအတွင်း ၂၀၂၅ ခုနှစ်၊ ဓမ္မာစရိယစာမေးပွဲ၊ ပါဠိပထမပြန်စာမေးပွဲနှင့် နိကာယ် စာမေးပွဲတို့၌ ဓမ္မာစရိယ(ကျမ်းပြီး)(၁၁၁)ပါး၊ ဓမ္မာစရိယ(ကျမ်းစွဲ) (၂၂၅)ပါး၊ တိပိဋက ဓရတိပိဋကကောဝိဒ (ဝိနယပိဋက၊ ဝိနည်းပထမပိုင်းနှစ် ကျမ်းအာဂုံ၊ ဥဘတောဝိဘင်္ဂဓရ) (၃)ပါးနှင့် ဝိနယပိဋက၊ ဝိနည်း ပထမပိုင်းနှစ်ကျမ်းသဘောရေးဖြေအောင်၊ ဥဘတော ဝိဘင်္ဂကောဝိဒ)(၁)ပါး၊မြန်မာဂုဏ်ထူး(ကျမ်းပြီး)(၁)ပါး၊
ပါဠိပထမပြန် (ပထမကြီးတန်း)(၅၄)ပါး၊ ပထမလတ်တန်း(၇၄)ပါး၊ ပထမငယ်တန်း(၂၀၄) ပါး၊ အခြေပြု မူလတန်း(၄၇၄)ပါး၊စုစုပေါင်း (၁၁၄၇)ပါး အောင်မြင်ခဲ့ကြသည့်အတွက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ စာအောင်ဆုအလှူငွေ(၈၁၅)သိန်းအား ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ Bago Region Government – Official Website