Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသည့် ၂၀၂၄ခုနှစ်၊ဟံသာဝတီဖလား အသက်(၂၁)နှစ်အောက် အလွတ်တန်း အမျိုးသားဖိတ်ခေါ်ဘော်လုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲကျင်းပ

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသည့် ၂၀၂၄ခုနှစ်၊ဟံသာဝတီဖလား အသက်(၂၁)နှစ်အောက် အလွတ်တန်း အမျိုးသားဖိတ်ခေါ်ဘော်လုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲကျင်းပ

ပဲခူး စက်တင်ဘာ ၆

          တိုင်းဒေသကြီးအတွင်း မျိုးဆက်သစ်ဘောလုံးအားကစားသမားများ ပေါ်ထွက်လာစေရေးနှင့် အစဉ် အလာ ကြီးမားခဲ့သည့် ပဲခူးတိုင်း၏ဘောလုံးအားကစားဂုဏ်ကို ပြန်လည်ဖော်ထုတ်နိုင်စေရေး အတွက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသည့် ၂၀၂၄ခုနှစ်၊ ဟံသာဝတီဖလား အသက်(၂၁) နှစ်အောက် အလွတ်တန်း အမျိုးသားဖိတ်ခေါ်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲအခမ်းအနားကို စက်တင်ဘာလ (၆)ရက်နေ့၊ ညနေပိုင်းက ပဲခူးမြို့၊ ဟံသာဝတီယူနိုက်တက်ဘောလုံးကွင်း၌ ကျင်းပပြုလုပ်ရာ ပဲခူးတိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ချီးမြှင့်ပေးခဲ့သည်။

          ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအသင်းနှင့် ရန်ကုန်တိုင်းဒေသကြီးအသင်းတို့ ဗိုလ်လုပွဲအဖြစ် ယှဉ်ပြိုင် ကစားနေမှုအား ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ကျောင်းသား၊ကျောင်းသူများ၊ ဘောလုံးဝါသနာရှင် ပြည်သူများ လာရောက်ကြည့်ရှု့အားပေးကြရာ ရန်ကုန်တိုင်းဒေသကြီးအသင်းက (၃:၂)ဂိုးဖြင့် အနိုင်ရ ဗိုလ်စွဲသွားသည်။

          ထို့နောက် ဆုချီးမြှင့်ပွဲကျင်းပပြုလုပ်ရာပွဲစဉ်တစ်လျှောက် အကောင်းဆုံးဂိုးသမားဆုရရှိသည့် ရန်ကုန်တိုင်း ဒေသကြီးအသင်းမှ ကျောနံပါတ်(၁)မောင်ပိုင်မှူးခန့်အား တိုင်းဒေသကြီးအတွင်းရေးမှူး ဦးအေးမောင်ကြည်က ဆုငွေကျပ်(၅)သိန်းကိုလည်းကောင်း၊ နောက်တန်းအကောင်းဆုံးဆုရရှိသူ ပဲခူးတိုင်းဒေသကြီးအသင်းမှ ကျောနံပါတ်(၄)မောင်အောင်လင်းထွန်းအား တိုင်းဒေသကြီးဥပဒေချုပ် ဦးခင်မောင်တင့်က ဆုငွေကျပ်(၅)သိန်း ကိုလည်းကောင်း၊ အလယ်တန်းအကောင်းဆုံးဆုရရှိသူ ပဲခူးတိုင်းဒေသကြီးအသင်းမှ ကျောနံပါတ်(၆) မောင်အောင်ကောင်းမြတ်အား တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလင်းအောင်က ဆုငွေကျပ်(၅)သိန်းကိုလည်းကောင်း၊ ရှေ့တန်းအကောင်းဆုံးဆုရရှိသူ ရန်ကုန်တိုင်း ဒေသကြီးအသင်းမှ ကျောနံပါတ်(၇) မောင်ရဲထွန်းနိုင် အား လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးတင်ဆွေက ဆုငွေကျပ်(၅)သိန်းကိုလည်းကောင်း၊ အကောင်းဆုံး အားကစားသမားဆုရရှိသူ ရန်ကုန်တိုင်းဒေသကြီး အသင်းမှ ကျောနံပါတ်(၁၀) မောင်နေလင်းသန့်အား သယံဇာတရေးရာဝန်ကြီး ဦးတင်သိန်းက ဆုငွေသားဆု(၅)သိန်းကိုလည်းကောင်း၊ ဒုတိယဆုရရှိသော ပဲခူးတိုင်းဒေသကြီး အသင်းအား တစ်ဦးချင်း ဆုတံဆိပ်နှင့်ငွေသားဆု ကျပ်(၇၅)သိန်းကို စီးပွားရေးရာဝန်ကြီး ဦးတင်ဦးမှ လည်းကောင်း၊ ပထမဆု ရရှိသော ရန်ကုန်တိုင်းဒေသကြီးအသင်းအား တစ်ဦးချင်းဆုတံဆိပ်များကို လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး အောင်သောင်းထိုက်မှလည်းကောင်း ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

          ယင်းနောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပထမဆုရရှိသော ရန်ကုန်တိုင်း ဒေသကြီးအသင်းအား ပထမတံခွန်စိုက်ဆုဖလားနှင့် ငွေသားဆုကျပ်သိန်း(၁၀၀)ကို ပေးအပ်ချီးမြှင့်ခဲ့ပြီး အမှတ်တရ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့ကြသည်။

          အဆိုပါ အသက်(၂၁)နှစ်အောက် အလွတ်တန်း ဖိတ်ခေါ်ဘောလုံးပြိုင်ပွဲအား သြဂုတ်လ(၂၈) ရက်နေ့မှ စက်တင်ဘာလ(၆)ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ပဲခူးတိုင်းဒေသကြီးအသင်း၊ BAGO STARအသင်း၊ ဘုရားကြီးမြို့အသင်း၊ ရှင်စောပုအသင်း၊ ပဲခူး(ဥဿာ)အသင်း၊ ရခိုင်ပြည်နယ်အသင်း၊ ရွှေကျင်မြို့နယ်အသင်း၊ ရန်ကုန်တိုင်းဒေသကြီးအသင်း၊ ကမ္ဘောဇသာဒီအသင်းနှင့် BAGO (HANTHARWADI)အသင်း စသည့်အသင်း (၁၀)သင်း၊ ပါဝင်ကာယှဉ်ပြိုင် ကစားခဲ့ကြကြောင်း သတင်းရရှိ သည်။