ပဲခူး နိုဝင်ဘာ ၁၂

ပဲခူးမြို့၊ မြို့တော်ခန်းမ၌ နိုဝင်ဘာလ(၁၂)ရက်နေ့၊ နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး(အရှေ့ခြမ်း)ရှိ တောင်သူများအတွက် စပါးတိုက်ရိုက်မျိုးစေ့ချကိရိယာ(Drum Seeder) ချီးမြှင့်ပေးအပ်ပွဲ ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ချီးမြှင့်ခဲ့သည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပဲခူးတိုင်းဒေသကြီးအတွင်း စပါးသီးနှံအပါ အဝင် လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် မြေဧရိယာတိုး ချဲ့ခြင်းထက် တစ်ဧကအထွက်နှုန်း တိုးတက်ရေး၊ သီးထပ်စွမ်းအားနှင့် သီးနှံစိုက်စွမ်းအား တိုးတက်ရေးတို့ကို နည်းလမ်းပေါင်းစုံဖြင့် ကြိုးပမ်းဆောင်ရွက် လျက်ရှိကြောင်း၊ စိုက်ပျိုးသီးနှံအလိုက် “မျိုး၊ မြေ၊ ရေ၊ နည်း” ပြောင်းလဲဆောင်ရွက်ပေးနိုင်ခဲ့မှုကြောင့် အဓိကသီးနှံ(၁၃)မျိုးတွင် နွေစပါးအပါအဝင် သီးနှံ(၇)မျိုး ပန်းတိုင်အထွက်နှုန်း ကျော်လွန်ရရှိပြီဖြစ်ကာ ရေကြီး ရေနက်ကွင်းများကိုလည်း ရေတော်မိုးတော်လယ်မြေအဖြစ် အဆင့်မြှင့်တင်ပေးနိုင်ရေး ရေကြောင်းရှင်းလင်း ခြင်း လုပ်ငန်းများကိုလည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ရေမြေဒေသအလိုက် ပန်းတိုင်အထွက်နှုန်းရရှိရေး အတွက် မျိုးကောင်းမျိုးသန့်များ သုံးစွဲသွားရမှာဖြစ်သလို တန်ဖိုးမြှင့်ပေါ်ဆန်းစပါးမျိုးများကိုလည်း ပျိုးထောင် စိုက်ပျိုးခြင်း၊ မျိုးစေ့ချကိရိယာဖြင့် စိုက်ပျိုးခြင်းနှင့် လက်ဆွဲကောက်စိုက်စက်ဖြင့် စိုက်ပျိုးခြင်းများကို အထူး အလေးထား ဆောင်ရွက်သွားရမှာဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပဲခူးခရိုင်၊ ညောင်လေးပင်ခရိုင်နှင့် တောင်ငူ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဥက္ကဋ္ဌများနှင့် တောင်သူများအား စပါးတိုက်ရိုက်မျိုးစေ့ချကိရိယာ(Drum Seeder) (၇၅၀)ခုအား လွှဲပြောင်းပေးအပ်ခဲ့သည်။ ၎င်းနောက် စပါးတိုက်ရိုက်မျိုးစေ့ချကိရိယာ(Drum Seeder) နှင့် ပတ်သက်၍ နည်းပညာအသိပညာပေး Video Clip အား ကြည့်ရှုခဲ့ကြသည်။
ယင်းနောက် တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးမှူးက လက်ဆွဲမျိုးစေ့ချကိရိယာများ အသုံးပြုရခြင်း၏ အကျိုးကျေးဇူးများအား Power Point ဖြင့် ရှင်းလင်းတင်ပြခဲ့သည်။ ၎င်းနောက် ပဲခူးခရိုင်၊ ညောင်လေးပင် ခရိုင်နှင့် တောင်ငူခရိုင်တို့၏ ကိုယ်စားပြုတောင်သူတစ်ဦးက တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်မှုအပေါ် လိုက်နာဆောင်ရွက်ခဲ့ခြင်းကြောင့် စိုက်ပျိုးသီးနှံအလိုက် ပန်းတိုင်အထွက်နှုန်းတိုးတက်ရရှိခဲ့သည့် အတွေ့ အကြုံများနှင့် ကျေးဇူးတင်စကားအား ရှင်းလင်းပြောကြားခဲ့ကြသည်။
ထို့နောက် တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက တောင်သူများသို့ လွှဲပြောင်း ပေးအပ်မည့် စပါးတိုက်ရိုက် မျိုးစေ့ချကိရိယာ(Drum Seeder)များအား လှည့်လည်ကြည့်ရှုအား ပေးခဲ့သည်။ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ဒေသတွင်းထုတ် စပါးတိုက်ရိုက် မျိုးစေ့ချ ကိရိယာ(Drum Seeder)အား ငွေကျပ်(၂)သိန်းနှုန်းဖြင့် ဖြန့်ဝေပေးခြင်းဖြစ်ကာ (၈)တန်းသွားဖြစ်ခြင်း၊ သုံးစွဲရ လွယ်ကူခြင်း၊ မျိုးစပါးလေလွင့်မှုမရှိခြင်း၊ (၂၂)လက်မဘီးတပ်ဆင်ထားသဖြင့် ရေကြီးရေနက်ကွင်းများ တွင် အသုံးပြုနိုင်ခြင်း စသည့်အကျိုးကျေးဇူးများရှိကြောင်း သိရှိရသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ပဲခူးမြို့၊ စက်မှုနယ်မြေအတွင်းရှိ အဝင်လမ်းများ၊ အတွင်းလမ်းများအား ပြန်လည်အဆင့်မြှင့်တင်နိုင်ရေး ကွင်းဆင်းကြည့်ရှုခဲ့ပြီး တာဝန်ရှိသူများအား လိုအပ် သည်များ လမ်းညွှန်မှာကြားခဲ့သည်။ ၎င်းနောက် ပဲခူးမြို့၊ ဥဿာမြို့သစ်၊ သမိန်ဗရမ်းလမ်း အဆင့်မြှင့်တင် နေမှုနှင့် ကျွန်းသာယာရပ်ကွက်အတွင်းလမ်းများ ကွန်ကရစ်ခင်းနိုင်ရေး ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး လမ်းဘေးရေးမြောင်းများ တစ်ပါတည်းဖော်ရန်နှင့် လမ်းဧရိယာအတွင်း ကျူးကျော်မှုများမရှိစေရေး စစ်ဆေး ဆောင်ရွက်ရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ Bago Region Government – Official Website