ပဲခူး စက်တင်ဘာ ၃
ပဲခူးမြို့၊ မြို့တော်ခန်းမ၌ စက်တင်ဘာလ(၃)ရက်နေ့၊ နံနက်ပိုင်းက တိုင်းဒေသကြီးအဆင့် (၂၆)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနား ကျင်းပ ပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်တို့ တက်ရောက်ချီးမြှင့်ခဲ့ ကြသည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ၂၀၂၅ ခုနှစ်၊ (၂၆)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲအား တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ တိုင်းရင်းသားရေးရာဝန်ကြီးနှင့် ပဲခူး တက္ကသိုလ်ပါမောက္ခချုပ်တို့မှ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြသည်။
ထို့နောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲများကို အမျိုးဂုဏ်၊ ဇာတိဂုဏ်မြင့်မားရေးနှင့် ယဉ်ကျေးမှု အမွေအနှစ်များ၊ အမျိုးသား ရေးလက္ခဏာများ မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်နိုင်ရန်၊ တိုင်းရင်းသားတို့၏ ရိုးရာ ယဉ်ကျေးမှု အနုပညာအမွေအနှစ်များ ထိန်းသိမ်းစောင့်ရှောက်နိုင်ရန်၊ မျိုးဆက်သစ်လူငယ်များ အကြား တွင် အမျိုးသားရေးစိတ်ဓာတ်များ ပိုမိုထွန်းကားပြန့်ပွားနေစေရန်နှင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် တည်ငြိမ်အေးချမ်းရေးတို့အတွက် အမျိုးသားယဉ်ကျေးမှု အခန်းကဏ္ဍမှ တစ်တပ်တအား ပူးပေါင်းပါဝင် ဆောင်ရွက်နိုင်ရန် ရည်ရွယ်ကျင်းပရခြင်းဖြစ်ကြောင်း၊ မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကို နှစ်စဉ်ကျင်းပပေးခြင်းဖြင့် မြန်မာ့ရိုးရာယဉ်ကျေးမှုအနုပညာနှင့် တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှု အမွေအနှစ်များကို တန်ဖိုးထား ထိန်းသိမ်းစောင့်ရှောက်နိုင်မယ့် ရွက်ပုန်းသီးအနုပညာရှင် များစွာထွက်ပေါ်လာပြီး ယင်းအနုပညာရပ်များ အစဉ်အမြဲတိုးတက်ရှင်သန်ဖွံ့ဖြိုးနေမှာဖြစ်ကာ တိုင်းရင်းသား ပြည်သူများ အချင်းချင်း ချစ်ခင်ရင်းနှီးမှုမှသည် ပြည်ထောင်စုစိတ်ဓာတ်များ ခိုင်မာလာမှာဖြစ်ကြောင်း၊ ယဉ်ကျေးမှုဆိုသည်မှာ လူတို့ရဲ့ ရုပ်ပိုင်း၊ စိတ်ပိုင်း နှစ်မျိုးလုံးနှင့် သက်ဆိုင်လျက်ရှိပြီး ယုံကြည်ကိုးကွယ် သည့် ဘာသာတရား၊ လူမှုဓလေ့ထုံးတမ်း၊ အတွေးအခေါ်၊ အယူအဆများ၊ ဝတ်စားဆင်ယင်မှု၊ ပွဲလမ်းသဘင်၊ ပန်းချီပန်းပု၊ အနုသုခုမ၊ ဘာသာစကား၊ စာပေ စတာတွေနဲ့အကျုံးဝင်ပြီး တိုင်းရင်းသား ပေါင်းစုံ စုပေါင်းနေထိုင်သည့် တိုင်းဒေသကြီး တစ်ခုဖြစ်၍ ရိုးရာယဉ်ကျေးမှုအမွေအနှစ်များကို ရိုးရာအစဉ် အလာမပျက် လက်ဆင့်ကမ်းထိန်းသိမ်းမှသာ ရေရှည်တည်တံ့နေမှာဖြစ်ပြီး နောင်မျိုးဆက်သစ်များ အတွက် ကောင်းမွန်သောအမွေများကို ပေးနိုင်မှာဖြစ်ကြောင်းနှင့် ပြိုင်ပွဲဝင်များအနေဖြင့် နိုင်ငံတော်အဆင့် ပြိုင်ပွဲသို့ အောင်မြင်စွာ တက်လှမ်းနိုင်ရန်အတွက် ပဲခူးတိုင်းဒေသကြီးကိုယ်စားပြု သွားရောက်ယှဉ်ပြိုင် နိုင်မည့် ပထမရွှေတံဆိပ်ဆုရှင်များဖြစ်အောင် အစွမ်းကုန်ကြိုးစား ယှဉ်ပြိုင်ကြစေလိုကြောင်း ပြောကြားခဲ့ သည်။
ထို့နောက် ညောင်လေးပင်ခရိုင်မှ (၁၅-၂၀)အဆင့် ပြိုင်ပွဲဝင် မောင်ကောင်းပြည့်ဟိန်းက “မောင့် တိုင်းပြည်” သီချင်းဖြင့်လည်းကောင်း၊ တောင်ငူခရိုင်မှ ပြိုင်ပွဲဝင် မောင်ဟိန်းထက်ပိုင်က “ရွှေမင်းဂံ”သီချင်း တီးခတ်၍လည်းကောင်း၊ ပြည်ခရိုင်မှ (၁၅-၂၀)အဆင့် ပြိုင်ပွဲဝင် မရွှန်းလဲ့လဝန်းထွန်းက အကဖြင့် လည်းကောင်း၊ ပဲခူးခရိုင်မှ အဆင့်မြင့်ပညာအဆင့် ပြိုင်ပွဲဝင် မမိုးပြည့်ပြည့်နိုင်က ဆိုင်းဖြင့်တီးခတ်၍ ပဲခူးခရိုင်မှ မဟေမန်ကျော်က “သူဌေးဝါဒ”သီချင်းဖြင့် သီဆိုဖျော်ဖြေတင်ဆက်ခဲ့ကြသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဇနီးတို့က ဧည့်ခံဖျော်ဖြေတင်ဆက်ခဲ့ကြသူများအား ဂုဏ်ပြုဆုငွေများ ပေးအပ်ခဲ့ပြီး တိုင်းဒေသကြီးအဆင့် (၂၆)ကြိမ်မြောက် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ၏ ဒိုင်အဖွဲ့ဝင်များနှင့် ဝင်ရောက်ယှဉ်ပြိုင်မည့် ပြိုင်ပွဲဝင်များအား ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေး စကားပြောကြားခဲ့ကြောင်း သတင်းရရှိသည်။