Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား (၆)ခရိုင်၊ အသက်(၂၅)နှစ်အောက် အမျိုးသား/အမျိုးသမီး ခရစ်ကတ် ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား (၆)ခရိုင်၊ အသက်(၂၅)နှစ်အောက် အမျိုးသား/အမျိုးသမီး ခရစ်ကတ် ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ

ပဲခူး စက်တင်ဘာ ၂၄

        ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူးကျင်းပသည့် ၂၀၂၄ခုနှစ်၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ဖလား (၆)ခရိုင်၊ အသက်(၂၅)နှစ်အောက် အမျိုးသား/အမျိုးသမီးခရစ်ကတ်ပြိုင်ပွဲ ဖွင့်ပွဲအခမ်း အနားကို စက်တင်ဘာလ (၂၃)ရက်နေ့၊ ညနေပိုင်းက ပဲခူးမြို့ ဟံသာဝတီယူနိုက်တက်ဘောလုံးကွင်း၌ ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ဖွင့်လှစ်ခဲ့သည်။

          ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ခရစ်ကတ်အားကစားနည်းသည် အာရှအဆင့်နှင့် အရှေ့တောင်အာရှအဆင့်မှာ ပြိုင်ပွဲများကျင်းပ ယှဉ်ပြိုင်ကစားနေသည့် အားကစားဖြစ်ကာ ဒေသတွင်းနိုင်ငံများအနေဖြင့် အနိုင်ရရှိနိုင်ရေး ကြိုးပမ်းလေ့ကျင့် နေသည့် အားကစားနည်းတစ်ရပ်ဖြစ်ကြောင်း၊ မြန်မာ့ခရစ်ကတ် အားကစား ကျယ်ပြန့်စွာတိုးတက်မြင့်မား ရေးကို အထောက်အကူပြုစေရေးအတွက် ခရိုင်အလိုက် ခရစ်ကတ်အားကစားသမားများ ပေါ်ထွက်လာရေး ကိုရည်ရွယ်၍ မြန်မာနိုင်ငံခရစ်ကတ်အဖွဲ့ချုပ်နှင့် ပူးပေါင်းပြီး အဖွဲ့ချုပ်နည်းပြဆရာများဖြင့် ခရိုင်မြို့များတွင် ခရစ်ကတ်သင်တန်းများကို တစ်ပြိုင်တည်း ဖွင့်လှစ်ပေးခဲ့ကြောင်း၊ ဒီသင်တန်းများက အရည်အချင်းပြည့်ဝ တဲ့သူများကို ရွေးချယ်ပြီး ခရိုင်အသင်းများဖွဲ့စည်းကာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား (၆)ခရိုင်၊ အသက်(၂၅)နှစ်အောက် အမျိုးသား/အမျိုးသမီး ခရစ်ကက်ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခြင်း ဖြစ်ကြောင်း၊ ယခုယှဉ်ပြိုင်ပွဲကနေ စနစ်တကျရွေးချယ်ပြီး ပေါ်ထွက်လာမည့် တိုင်းဒေသကြီးလက်ရွေးစင် ပဏာမအားကစားသမားများကို သတ်မှတ်ရက်များအတိုင်း နည်းစနစ်မှန်မှန် ပြင်းပြင်းထန်ထန် စခန်းသွင်းလေ့ကျင့်ပြီး ပဉ္စမအကြိမ်အမျိုးသား အားကစားပွဲတော်မှာ အောင်မြင်မှုရရှိအောင်ကြိုးစား သွားကြဖို့ တိုက်တွန်းမှာ​ကြားလိုကြောင်း အဖွင့်မိန့်ခွန်း ပြောကြားပြီး ပြိုင်ပွဲအား ဖွင့်လှစ်ပေးခဲ့သည်။

          ထို့နောက် ပြိုင်ပွဲဝင်အားကစားအသင်းများမှ အားကစားသစ္စာအဓိဌာန်(၄)ချက် ရွတ်ဆိုကာ အားကစားကွင်းအတွင်းမှ ပြန်လည်ထွက်ခွာသွားကြပြီး မြန်မာနိုင်ငံခရစ်ကတ်အဖွဲ့ချုပ်၊ ဒုတိယဥက္ကဋ္ဌ ဦးကျော်ကျော်က ငွေကျပ်သိန်း(၃၀၀) တန်ဖိုးရှိ ခရစ်ကတ်အားကစား အထောက်အကူပြုပစ္စည်းများအား ထောက်ပံ့ပေးအပ်ခဲ့ရာ ပဲခူးတိုင်း ဒေသကြီး ဝန်ကြီးချုပ်မှ လက်ခံရယူခဲ့သည်။ ၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဖျော်ဖြေတင်ဆက်ခဲ့ကြသည့် ဘင်ခရာအဖွဲ့နှင့် ပန်းပွားအဖွဲ့တို့အား ဂုဏ်ပြုငွေများ ပေးအပ် ခဲ့သည်။

          အဆိုပါ ၂၀၂၄ခုနှစ်၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ဖလား (၆)ခရိုင်၊ အသက်(၂၅)နှစ် အောက် အမျိုးသား/အမျိုးသမီး ခရစ်ကတ်ပြိုင်ပွဲကို စက်တင်ဘာလ(၂၃) ရက်နေ့မှ(၂၇)ရက်နေ့အထိ ကျင်းပပြုလုပ်မည်ဖြစ်ပြီး တိုင်းဒေသကြီးအတွင်းရှိ ခရိုင်(၆)ခရိုင်မှ ခရိုင်ကိုယ်စားပြု အမျိုးသားအသင်း (၆)သင်း၊ အမျိုးသမီးအသင်း(၆)သင်း၊ စုစုပေါင်း(၁၂)သင်းပါဝင်ကာ အုပ်စုပတ်လည်ယှဉ်ပြိုင် ကစားသွား ကြမှာဖြစ်ကြောင်း သတင်းရရှိသည်။