Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပဲခူးမြို့အား မြို့အင်္ဂါရပ်နှင့်အညီဖြစ်စေရေးနှင့် ရှေးဟောင်း ယဉ်ကျေးမှုအမွေအနှစ်များ ပြန်လည်ဖော်ထုတ်ထိန်းသိမ်းဆောင်ရွက်နေမှုတို့အား ကွင်းဆင်းစစ်ဆေး

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပဲခူးမြို့အား မြို့အင်္ဂါရပ်နှင့်အညီဖြစ်စေရေးနှင့် ရှေးဟောင်း ယဉ်ကျေးမှုအမွေအနှစ်များ ပြန်လည်ဖော်ထုတ်ထိန်းသိမ်းဆောင်ရွက်နေမှုတို့အား ကွင်းဆင်းစစ်ဆေး

ပဲခူး ဒီဇင်ဘာ ၂၂

          ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ဒီဇင်ဘာလ(၂၁)ရက်နေ့၊ နံနက်ပိုင်းက ပဲခူးမြို့အား မြို့အင်္ဂါရပ်နှင့်အညီဖြစ်စေရေးနှင့် ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များ ပြန်လည်ဖော်ထုတ် ထိန်းသိမ်း ဆောင်ရွက်နေမှုတို့အား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။

          ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် သိန္နီတံခါးပေါက်အနီးရှိ ဟံသာဝတီ မြို့ရိုး၊ တံခါးပေါက် ပြန်လည်ဖော်ထုတ်ထားရှိမှုနှင့် မြေယာအလှရှုခင်း၊ ကျုံးပတ်လမ်းဆောင်ရွက် ထားရှိမှု တို့အား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး အများပြည်သူများ အပန်းဖြေရင်းဖြင့် ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ် တွေ့မြင်ခံစားသိရှိနိုင်စေရန် ရည်ရွယ်ဆောင်ရွက်ပေးခြင်းဖြစ်၍ စဉ်ဆက်မပြတ် ထိန်းသိမ်း ဆောင်ရွက်ရန်နှင့် လိုအပ်သည့်နေရာတွင် သတိပေးဆိုင်းဘုတ်များတပ်ဆင်ထားရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။

          ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဟံသာဝတီရှေးဟောင်းမြို့ရိုးနှင့် တောင်ငူ တံခါးပေါက် ပြန်လည်ဖော်နေမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး မြို့ရိုးအုတ်စီအုပ်သားများ ပျက်စီးမှု မရှိစေရေး စနစ်တကျဖော်ထုတ်သွားရန်၊ တူးဖော်ရရှိသည့် ရှေးဟောင်းပစ္စည်းများအား ပစ္စည်းအမျိုးအစား အလိုက် စနစ်တကျ မှတ်တမ်းတင်ထိန်းသိမ်းထားရှိရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။

          ၎င်းနောက် ပဲခူးမြို့၌ ရှေးဟောင်းသမိုင်းဝင် လိပ်ပြာကန်အား တိုင်းဒေသကြီးအစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် ဘက်စုံပြန်လည်အဆင့်မြှင့်တင်နေမှုအား လှည်လည်ကြည့်ရှု စစ်ဆေးခဲ့ပြီး လိပ်ပြာကန် သည် ကျန်မားရေးအရသော်လည်းကောင်း၊ မိသားစုအလိုက် လာရောက်အပန်းဖြေသည့် နေရာတစ်ခု အဖြစ် လူအမြဲမပြတ်စည်ကားသည့်နေရာဖြစ်၍ Landscaping Design များ အစဉ်လှပစေရေး ထိန်းသိမ်း စောင့်ရှောက်ရန်နှင့်ကန်ပတ်လမ်းအားတိုးချဲ့ဆောင်ရွက်သွားရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြား ခဲ့သည်။

          ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ပဲခူးမြို့နယ်၊ မဲခုန်ကျေးရွာ၌ တိုင်းဒေသကြီး အစိုးရအဖွဲ့ အစီအစဉ်ဖြင့် ဘုရင့်နောင်မင်းတရားကြီး စီးနင်းခဲ့သည့် မြင်း(၁၆)ကောင်ဆွဲ လှည်းယာဉ် တော်ကြီးအား မူလပုံစံ၊ အရွယ်အစားအတိုင်း တည်ဆောက်နေမှုအား ကွင်းဆင်းကြည့်ရှုခဲ့ပြီး ရှေးမူ လက်ရာအတိုင်း ဆောက်လုပ်ရာတွင် သမိုင်းဆိုင်ရာအချက်အလက်မှန်များ ကိုးကားဆောင်ရွက်ရန်၊ ခိုင်ခန့်မှုကိုဦးစားပေးရန်၊ မြန်မာလက်မှု အနုပညာလက်ရာ အနုစိတ်များထည့်သွင်းဆောင်ရွက်ရန်၊ အေဒီ ၁၅၆၆ ခုနှစ်တွင် ကမ္ဘောဇသာဒီနန်းတော်နှင့် ဟံသာဝတီမြို့တော်သစ်နှင့် ဒုတိယမြန်မာနိုင်ငံအား တည်ထောင်သူ ဘုရင့်နောင်မင်းတရားကြီး(ဆင်ဖြူများရှင်)က စီးနင်းသည့် ပုံစံတူရထားလုံးတော်ကြီး ဖြစ်၍ ခန့်နားထည်ဝါစွာဖြင့် တည်ဆောက်နိုင်ရေး သမိုင်းပညာရှင် တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

          ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ အစီအစဉ်ဖြင့် ၂၀၂၃ ခုနှစ်၊ ဇွန်လ(၁၇)ရက်နေ့မှစ၍ ပဲခူးမြို့၊ မြို့မဈေးကြီး သီရိဥဿာဈေးရုံကြီးရှေ့၌ ဒေသတွင်း ကုန်ဈေးနှုန်း တည်ငြိမ်ရေးနှင့် ပြည်သူများ အသား/ငါး/ဥ ဈေးနှုန်းသက်သာစွာ နေ့စဉ်ဝယ်ယူစားသုံး နိုင်ရေး ကိုယ်တိုင်စိုက်ပျိုး၊ မွေးမြူထုတ်လုပ်သူများ၏ တိုက်ရိုက်အရောင်းဆိုင်များ ဖွင့်လှစ်ရောင်းချ နေမှုအား သွားရောက်ကြည့်ရှု အားပေးခဲ့ပြီး အခြေခံစားသုံးကုန်များ ပြတ်လပ်မှုမရှိစေရေး တာဝန်ရှိသူ များအား လမ်းညွှန်မှာကြားခဲ့သည်။