Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဗေဒါလက်မှုထုတ်ကုန်တန်ဖိုးမြှင့်ထုတ်လုပ်ခြင်း သင်တန်း ဖွင့်ပွဲနှင့် စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဗေဒါလက်မှုထုတ်ကုန်တန်ဖိုးမြှင့်ထုတ်လုပ်ခြင်း သင်တန်း ဖွင့်ပွဲနှင့် စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းဆောင်ရွက်

သဲကုန်း ဇန်နဝါရီ ၂၀

          ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ ယမန်နေ့၊ နံနက်ပိုင်းက နတ်တလင်းခရိုင်၊ သဲကုန်းမြို့၊ တံခွန်တိုင်းကျေးရွာ၌ ဗေဒါလက်မှုထုတ်ကုန် တန်ဖိုးမြှင့် ထုတ်လုပ်ခြင်း သင်တန်းဖွင့်ပွဲနှင့် စိုက်ပျိုးရေးကဏ္ဍ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းဆောင်ရွက်ခဲ့ သည်။

          ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက တိုင်းဒေသကြီးအတွင်း ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝများ ဘက်စုံတိုးတက်မြင့်မားလာစေရေးအတွက် ဒေသထွက်ကုန်ပစ္စည်းများအား အခြေခံ၍  ဗေဒါရိုးဖြင့် အရည်အသွေးကောင်းမွန်ပြီး အဆင့်မြှင့်ထုတ်ကုန်များ ဆန်းသစ်တီထွင်ကာ ကိုယ်ပိုင်တံဆိပ်ဖြင့် အရည်သွေးကောင်းမွန်သည့် ထုတ်ကုန်များ ထုတ်လုပ်နိုင်ရေးအပြင် ဈေးကွက်ရရှိရေးကိုလည်း ဖော်ဆောင် ပေးသွားမှာဖြစ်ကြောင်း၊ သင်တန်းသူများအနေဖြင့် မိမိတို့၏ မိသားစုဝင်ငွေတိုးတက်ရရှိရေး၊ ကိုယ်ပိုင် စီးပွားရေးလုပ်ငန်းရှင်သစ်များ ဖြစ်ပေါ်လာစေရေးနှင့် ဗေဒါလက်မှုလုပ်ငန်း ပိုမိုဆန်းသစ်လှပကောင်းမွန် စေရေးတို့အတွက် ကြိုးစားသင်ကြားသွားကြစေလိုကြောင်း ပြောကြားခဲ့သည်။

          ထို့နောက် ဗေဒါလက်မှုထုတ်ကုန်တန်ဖိုးမြှင့်ထုတ်လုပ်ခြင်းသင်တန်းအတွက် သင်ထောက်ကူပစ္စည်း များအား သင်တန်းသူများထံသို့လည်းကောင်း၊ သင်တန်းနည်းပြများအတွက် သီးခြားဂုဏ်ပြုငွေများအား လည်းအကောင်း အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြပြီး သင်တန်းအတွင်း သင်ကြားသွားမည့် ဗေဒါတန်ဖိုးမြှင့် ထုတ်ကုန်များအား လှည့်လည်ကြည့်ရှု အားပေးခဲ့ကြသည်။

          ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ အစီအစဉ်ဖြင့် သဲကုန်းမြို့တွင် ဗေဒါပင်နှင့် တန်ဖိုးမြှင့် လူသုံးကုန် ပစ္စည်းထုတ်လုပ်ခြင်း သင်တန်း(၂)ကြိမ် ဖွင့်လှစ်သင်ကြားပေးနိုင်ခဲ့ပြီး ဗေဒါပင်အရိုးမှ လက်ကိုင်အိတ် အမျိုးမျိုး၊ ဖိနပ်အမျိုးမျိုး၊ ဦးထုပ်၊ ဖျာနှင့် အခြားလူသုံးကုန်ပစ္စည်းများအား ထုတ်လုပ်နိုင်ခဲ့ပြီး ရန်ကုန်၊ မန္တလေးနှင့် ပုဂံမြို့များသို့ တင်ပို့ရောင်းချပေးလျက်ရှိကြောင်းနှင့် ယခုသင်တန်းသား သင်တန်းသူ(၂၂)ဦး ဖြင့် (၁၀)ရက်ကြာ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

          ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် နတ်တလင်းမြို့၊ ချားရားပင်ကျေးရွာရှိ တစ်ကွင်းတစ်ဆက်တည်း ဧက(၅၀၀) ပဲတီစိမ်းစံပြစိုက်ခင်းနှင့် ဇီးကုန်းမြို့နယ်၊ သာပေါင်းကျေးရွာရှိ တစ်ကွင်းတစ်ဆက်တည်း ဧက(၅၀၀) ပဲတီစိမ်းစံပြစိုက်ခင်းတို့ စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းနေမှုအား ကြည့်ရှု အားပေးခဲ့ပြီး ဒေသခံပြည်သူများနှင့်တွေ့ဆုံ၍ ပဲပင်များသည် သစ်စိမ်းမြေဩဇာအဖြစ် ပြန်လည်ရရှိသဖြင့် မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရန်အတွက် အလွန် အကျိုးရှိသည့်အတွက် ကြားသီးနှံအဖြစ် ပဲသီးနှံတစ်မျိုးမျိုးကို မဖြစ်မနေ စိုက်ပျိုးကြရန်နှင့် ပိုးမွှားကျရောက်မှု ကင်းရှင်းစေရေးနှင့် ပိုးသတ်ဆေးလျော့ချသုံးစွဲနိုင်ရေး တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဖြေရှင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။