တောင်ငူ မတ် ၃၀
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကြည်သိုက်နှင့်အတူ မတ်လ(၂၉)ရက်နေ့၊ မွန်းလွဲပိုင်းက တောင်ငူမြို့နယ်အတွင်း ငလျင်ဒဏ် ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ဘာသာရေးဆိုင်ရာ အဆောက်အဦများနှင့် လမ်းတံတားများ ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့သည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့သည် ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင် အမှတ်(၁၆၅)တွင် လမ်းသားကွန်ကရစ်ပျက်စီးခဲ့မှုနှင့် ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင်အမှတ် (၁၆၅/၁) ရှိ ဆွာချောင်းတံတား ထိခိုက်ပျက်စီးနေမှုများအား လမ်းပိုင်များအလိုက် အသေးစိတ်ကွင်းဆင်း ကြည့်ရှု စစ်ဆေးခဲ့ပြီး လမ်းပန်းဆက်သွယ်ရေး အမြန်ဆုံးကောင်းမွန်မှုရှိစေရေး လမ်းနှင့်တံတားတို့အား တစ်ပြိုင် တည်းပြင်ဆင်ဆောင်ရွက်ရန်၊ ရန်ကုန်-မန္တလေးအမြန်လမ်းတစ်လျှောက် သက်ဆိုင်သည့် မြို့နယ်လမ်းဦးစီး ဌာနများမှ ပူးပေါင်းဆောင်ရွက်ရန်၊ လမ်း/တံတား ပြင်ဆင်သည့် စက်/ယာဉ်/ယန္တရားများနှင့် လုပ်ငန်းခွင်သုံး ပစ္စည်းများ အမြန်ဆုံးရောက်ရှိရေး ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် တောင်ငူမြို့နယ်၊ ဇရပ်ကြီးကုန်းကျေးရွာအုပ်စုရှိ နန်းတော်ဦးလောကမာရဇိန်စေတီတော်မြတ်ကြီး ထိခိုက်ပျက်စီးခဲ့မှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး စေတီတော်ကြီး ဘက်စုံပြန်လည်ပြုပြင်နိုင်ရေး၊ စေတီတော်ကြီး၏ပုရဝိုဏ်အတွင်း အန္တရာယ်ရှိသည့် ဧရိယာ သတ်မှတ်၍ အသိပေးဆိုင်းဘုတ် တပ်ဆင်ထားရန်နှင့် စေတီတော်ကြီး ပြန်လည်ပြုပြင်တည်ဆောက်နိုင်ရေး ဆောင်ရွက် ရမည့် လုပ်ငန်းစဉ်အဆင့်ဆင့်အား တာဝန်ရှိသူများနှင့် ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ပြီး ကျောင်းထိုင်ဆရာတော်အား နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်းခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် တောင်ငူမြို့၊ ဈေးပိုင်းရပ်ကွက်၊ (၆)လမ်းရှိ ဟုတ်တိတ်တရုတ်ဘုရားရှိခိုးကျောင်းနှင့် (၁၁) ရက်ကွက်ရှိ ကန်တော်အစ္စလာမ်ဝတ်ကျောင်းတော်တို့၌ မီးသတ်တပ်ဖွဲ့ဝင်များ၊ ပရဟိတအင်းအဖွဲ့များ ပူးပေါင်း၍ စုပေါင်း သန့်ရှင်းရေး ပြန်လည်ဆောင်ရွက်ပေးနေမှုနှင့် ထိခိုက်ပျက်စီးခဲ့သည့် အခြေအနေများအား သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများအား လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကာ သန့်ရှင်းဆောင်ရွက် ပေးနေသည့် ပရဟိတအဖွဲ့များအား ချီးမြှင့်ငွေများပေးအပ်ခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင်အမှတ်(၁၁၅) ရှိ ဖြူးချောင်းတံတား တံတားချဉ်းကပ်လမ်း နိမ့်ကျနေမှုကို ဖြူးမြို့နယ်လမ်းဦးစီးဌာနမှ ပြန်လည်ပြုပြင်ခြင်း လုပ်ငန်း ဆောင်ရွက်နေမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး တံတားအတက်/အဆင်းသည် အရေးကြီး သည့် အစိတ်အပိုင်းတစ်ခုဖြစ်၍ စနစ်တကျ ကြီးကြပ်ဆောင်ရွက်သွားရန်၊ တံတားများအလိုက် အရှိန်လျော့ မောင်းရန် သတိပေးဆိုင်းဘုတ်များ တပ်ဆင်သွားရန်နှင့် တံတားများ၏ ခံနိုင်ရည်နှင့် ခံနိုင်ဝန်အား အသေး စိတ်စစ်ဆေး၍ အများပြည်သူသိရှိနိုင်ရေး ထုတ်ပြန်ပေးသွားရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ ကြောင်း သတင်းရရှိသည်။