Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်၍ တိုင်းဒေသကြီးသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်၍ တိုင်းဒေသကြီးသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်

ပဲခူး ဧပြီ ၂၅

          ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ ဧပြီလ(၂၄)ရက်နေ့၊ မွန်းလွဲ ပိုင်းက ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်၍ တိုင်းဒေသကြီးသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်သည်။

          ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက မတ်လ(၂၈)ရက်နေ့တွင် လှုပ်ခတ်ခဲ့သည့် မန္တလေးငလျင်ကြီးကြောင့် တိုင်းဒေသကြီးအတွင်း သေဆုံး၊ ဒဏ်ရာရ၊ ပျက်စီးဆုံးရှုံးမှုများရှိခဲ့ပြီး အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီမှ ပံ့ပိုးမှု များရှိခဲ့သလို တိုင်းဒေသကြီးအစိုးရအဖွဲ့မှလည်း ထပ်မံပံ့ပိုးဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်း၊ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် တက္ကသိုလ်၊ ဒီဂရီကောလိပ်များ၊ အခြေခံပညာကျောင်းများအား ကျောင်းဖွင့်ရာသီအမီ ယာယီစာသင်ဆောင်များ တည်ဆောက်ပြီးစီးရန် လိုအပ်ပြီး ကျန်ရှိသည့်စာသင်ဆောင်များကိုလည်း စစ်ဆေးခြင်းများ ဆောင်ရွက်ရ မှာဖြစ်သလို သက်ဆိုင်ရာဌာနများမှ ပြည်ထောင်စုမှ ဆောင်ရွက်မည့် အပိုင်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဆောင်ရွက်ပေးရမည့်အပိုင်းများကို ခွဲခြားတင်ပြပေးရမှာဖြစ်ကြောင်း၊ ထိခိုက်ပျက်စီးခဲ့သည့် ဘုရား၊ စေတီ၊ ပုထိုးများအား တင့်တယ်သပ္ပျယ်မှုရှိစေရေး အလှူရှင်များ၊ မြို့မိမြို့ဖများ၊ ဌာနဆိုင်ရာများပူးပေါင်း၍ အများကောင်းမှုဖြင့် အမြန်ဆုံးပြန်လည်ပြုပြင် တည်ဆောက်သွားရမှာဖြစ် ကြောင်းနှင့် မြေငလျင်ကြောင့် ထိခိုက်ခဲ့သည့် ဆည်/တမံများအား မိုးရာသီအမီ သတ်မှတ်ရေပမာဏ သိုလှောင်နိုင်ရေးနှင့် လာမည့်နွေစပါး စိုက်ရာသီအတွက် စိုက်မျိုးဧက လျော့နည်းမှုမဖြစ်စေရေးအတွက် အမြန်ဆုံးပြင်ဆင်သွားရမှာကြောင်း ပြောကြားခဲ့သည်။

          ထို့နောက် မြေငလျင်ဒဏ်ခံစားခဲ့ရသည့် တောင်ငူခရိုင်၊ ညောင်လေးပင်နှင့် ပြည်ခရိုင်တို့မှ ခရိုင် အုပ်ချုပ်ရေးမှူးများက လူသေဆုံးခဲ့မှု၊ ကိုယ်လက်အင်္ဂါစွန့်လွှတ်ထိခိုက်ခဲ့မှု၊ ဒဏ်ရာရရှိမှု၊ ဌာနဆိုင်ရာ အဆောက်အဦများ ထိခိုက်ပျက်စီးခဲ့မှု၊ ဘာသာရေးဆိုင်ရာ အဆောက်အဦများ ထိခိုက်ပျက်စီးခဲ့မှုနှင့် ပြန်လည်ထူထောင်ရေးနှင့် ပံ့ပိုးကူညီဆောင်ရွက်ပေးနေမှု အခြေအနေများအား အသေးစိတ်ရှင်းလင်းတင်ပြ ခဲ့ကြသည်။

          ယင်းနောက် တက်ရောက်လာသည့် တိုင်းဒေသကြီးသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့၏ အဖွဲ့ဝင်များက သက်ဆိုင်ရာကဏ္ဍအလိုက် ပြန်လည်ထူထောင်ရေးနှင့် ပံ့ပိုးကူညီဆောင်ရွက်ပေးနိုင်ခဲ့မှုနှင့် ထိခိုက်ပျက်စီးခဲ့မှုအပေါ် အမြန်ဆုံးပြန်လည်ပြင်ဆင်နိုင်ရေး စီမံဆောင်ရွက်နေမှု အခြေအနေများကိုလည်း ကောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများက ငလျင်ဘေးဒဏ်သင့် ဒေသများနှင့်ပတ်သက်၍ မူလ အခြေအနေသို့ အမြန်ဆုံးပြန်လည်ရောက်ရှိစေရေး လုပ်ငန်းစဉ်များအား ဝိုင်းဝိုင်းအကြံပြုဆွေးနွေးတင်ပြခဲ့ ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက လုပ်ငန်းစဉ်တစ်ခုချင်းအလိုက် ဆောင်ရွက်ရမည့် နည်းလမ်းများအား အသေးစိတ် လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။