ပဲခူး ဧပြီ ၂၆
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ဧပြီလ(၂၆)ရက်နေ့၊ နံနက်ပိုင်းက ပဲခူးမြို့အတွင်းရှိ ဟံသာဝတီရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များ ပြန်လည်ဖော်ထုတ်ထိန်းသိမ်း ဆောင်ရွက်နေ မှုတို့အား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ဟံသာဝတီမြို့ရိုး တောင်ဘက်ရှိ မိုးကောင်း တံခါးပေါက်အနီးမှ ကုန်းဘောင်တံခါးပေါက်အနီးထိ တစ်ဆက်တည်း မြို့ရိုးပြန်လည်ဖော်ထုတ်ထိန်းသိမ်း ခြင်းနှင့် ကျုံးပြန်လည်တူးဖော်ထိန်းသိမ်းခြင်း ဆောင်ရွက်နေမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး မိုးကောင်း တံခါးပေါက်ရှိ ကျုံးကူးတံတားသည် ပဲခူးမြို့အတွင်းရှိ အဓိကရေထွက်ပေါက်တစ်ခုဖြစ်၍ မိုးရာသီ မရောက်မီ ဗေဒါပင်များ ဆယ်ယူခြင်း၊ ရေလမ်းကြောင်းဖွင့်ခြင်းလုပ်ငန်းများ ဆောင်ရွက်သွားရန်နှင့် မြို့ရိုး ဖော်ထုတ် ထိန်းသိမ်းခြင်း လုပ်ငန်းများဆောင်ရွက်ရာတွင် တူးဖော်တွေ့ရှိသည့် အထောက်အထားများအား သက်ဆိုင်ရာ ပညာရှင်များ၏ အကြံဉာဏ်ရယူ၍ မည်သည့်အဆောက်အဦဖြစ်နိုင်သည်ကို အတည်ပြုရန် လမ်းညွှန်မှာ ကြားခဲ့သည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဟံသာဝတီမြို့ရိုး အရှေ့ဘက်ရှိ တောင်ငူတံခါး နှင့် အင်းဝတံခါးအကြား မြို့ရိုးပြန်လည်ဖော်ထုတ်ထိန်းသိမ်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအား ကွင်းဆင်း ကြည့်ရှု စစ်ဆေးခဲ့ပြီး မြို့ရိုးများဖော်ထုတ်ရာတွင် ရှေးမူလက်ရာများ ပျက်စီးမှုမရှိစေရေး အလေးထားဆောင် ရွက်ရန်နှင့် မြို့ရိုး ဖော်ထုတ် ခြင်းဆောင်ရွက်ရာတွင် ကျုံးပတ်လမ်းဖော်ထုတ်ခြင်း၊ မြေညှိခြင်းများ တစ်ပါတည်း ဆောင်ရွက် သွားရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ပဲခူးမြို့၊ ရှေးဟောင်းသမိုင်းဝင် မော်ဓောငယ်စူဋ္ဌာမုနိ ဆံတော်ရှင် ရွှေအောင်ရွေးစေတီတော်သို့ သွားရောက်ဖူးမြော်ခဲ့ပြီး ဓါတ်လှေကားပြန်လည်ပြုပြင်နိုင်ရေးနှင့် စေတီတော်တည်ရှိရာ ကုန်းတော်ကြီး ရေရှည်တည်တံ့ခိုင်မြဲစေရေးနှင့် ငလျင်ဒဏ်ခံနိုင်မှုရှိစေရေး ပြန်လည် စစ်ဆေးရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ပြီး စေတီတော်ကြီး ဘက်စုံပြုပြင်မွမ်းမံနိုင်ရေး အလှူတော်ငွေများ ဆက်ကပ်လှူဒါန်းခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ပဲခူးမြို့၊ ကမ္ဘောဇသာဒီနန်းတော်ကြီး ဘက်စုံပြုပြင်မွမ်းမံနေမှုအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး ခေါင်းမိုးများ ရေလုံဆေးသုတ်ခြင်းနှင့် ရေတလျောက်တပ်ဆင်ခြင်းအား မိုးရာသီမရောက်မီ အပြီးဆောင်ရွက်သွားရန်၊ နန်းတော်အတွင်းရှိ တိုင်းလုံး ကြီးများတွင် မြန်မာမှုတပ်ဆင်ခြင်းလုပ်ငန်းနှင့် ကြမ်းခင်းပြုပြင်ခြင်းလုပ်ငန်းများ သတ်မှတ်စံချိန်စံညွှန်းများ နှင့်အညီ ဆောင်ရွက်သွားရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။ ၎င်းနောက် ဘုရင့်နောင် မင်းတရားကြီး စီးနင်းခဲ့သည့် လှည်းယာဉ်တော်ကြီးတွင် တပ်ဆင်သွားမည့် မြင်း(၁၆)ကောင် ရောက်ရှိနေမှုနှင့် အချောသတ်လုပ်ငန်း ဆောင်ရွက်နေမှုတို့အား ကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများအား လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။