ပဲခူး မေ ၈
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများလိုက်ပါ လျက် မေလ(၇)ရက်နေ့၊ မွန်းလွဲပိုင်းက ဒိုက်ဦးမြို့နယ်အတွင်း ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝ ပိုမို ဖွံဖြိုး တိုးတက်စေရေး ကွင်းဆင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ဒိုက်ဦးမြို့နယ်၊ နတ်ကင်းကျေးရွာအုပ်စု၌ ဦးမင်းလွင်၏ ဥစားဘဲကောင်ရေ(၂၀၀၀)အား သဘာဝလယ်ကွင်းအစာဖြင့် မွေးမြူထားရှိမှုနှင့် အသားစား ကြက်ကောင်ရေ(၄၀၀၀) မွေးမြူထားရှိမှုတို့အား ကြည့်ရှုအားပေးခဲ့ပြီး သဘာဝအစားအစာဖြင့် မွေးမြူနိုင် မှသာ အသား/ဥ ဈေးနှုန်းချိုသာစွာ ရောင်းချနိုင်မှာဖြစ်၍ ဒေသထွက်ကုန်ကြမ်းပစ္စည်းများဖြင့် ကိုယ်တိုင် မွေးမြူရေး အစာပြုလုပ်၍ မွေးမြူရေးလုပ်ငန်းများ တိုးချဲ့ဆောင်ရွက်နိုင်စေရေး တာဝန်ရှိသူများနှင့် ညှိနှိုင်း ပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။ ၎င်းနောက် မွေးမြူရေးလုပ်ငန်းရှင် ဦးဂျေး၏ ဒေသဆိတ်ကောင်ရေ (၁၀၀)မွေးမြူထားရှိမှုအား ကြည့်ရှုအားပေးခဲ့ပြီး သဘာဝရိုးချောင်းများရှိခြင်း၊ ဗေဒါပင်များ ပေါများခြင်း တို့ကြောင့် ဒေသဝက်နှင့် ဒေသကြက်အား သဘာဝနည်းလမ်းအတိုင်း ဆက်လက်တိုးချဲ့မွေးမြူသွားရန်နှင့် မွေးမြူရေးလုပ်ငန်းရှင် အစုအဖွဲ့များ ဖွဲ့စည်း၍ ချေးငွေရရှိနိုင်ရေး ပံ့ပိုးကူညီဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် မွေးမြူရေးလုပ်ငန်းများ အောင်မြင်စွာဆောင်ရွက် လျက်ရှိသည့် ဦးဝင်းအောင်၏ ဥစားဘဲကောင်ရေ(၁၅၀၀)၊ ဦးမျိုးနိုင်၏ ဥစားဘဲကောင်ရေ(၁၅၀၀)နှင့် ဦးတင်အုန်း၏ ဒေသကျွဲကောင်ရေ(၅၀) မွေးမြူထားရှိမှုတို့အား ကွင်းဆင်းကြည့်ရှုအားပေးခဲ့ပြီး ပဲခူးတိုင်း ၏ ရေမြေသဘာဝသည် မွေးမြူရေးလုပ်ငန်း အောင်မြင်ဖြစ်ထွန်းနိုင်သည့်အတွက် တစ်ပိုင်တစ်နိုင်အဆင့်မှ စီးပွားဖြစ်မွေးမြူသွားရန်၊ လစဉ်မြို့နယ်အလိုက် တိုးချဲ့မွေးမြူရမည့် ရည်မှန်းချက်များအတိုင်း ပြည့်မီစေ ရေး ကြိုးပမ်းဆောင်ရွက်ရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။
ယင်းနောက် ဒိုက်ဦးမြို့နယ်၊ အိမ်ခြေလေးဆယ်ကျေးရွာအုပ်စု၌ တစ်ကွင်းတစ်ဆက်တည်း ဧက (၂၀)အား မြေဆီလွှာထက်သန်စေရေးအတွက် ပိုက်ဆံလျှော် သစ်စိမ်းမြေဩဇာစိုက်ပျိုးနေမှုအား ကြည့်ရှု အားပေးခဲ့ပြီး ဒေသခံတောင်သူများနှင့်တွေ့ဆုံ၍ အားပေးစကား ပြောကြားခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ဒိုက်ဦးမြို့၊ အောင်စိုးမိုးကျေးရွာရှိ ဦးရဲထွန်း၏ စပါးခွံ့လောင်စာသုံး (Gasifire)ဖြင့် သဘာဝပဲပေါင်းဆီ(မြေပဲဆီ)စက်အား လည်ပတ်နေမှုအား ကြည့်ရှု အားပေးခဲ့ပြီး ဒေသတွင်း စားအုန်းဆီအစားထိုး မြေပဲဆီစားသုံးနိုင်ရေး ဒေသတွင်းဆီစက်များ တိုးချဲ့ ဆောင်ရွက်သွားရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။ ၎င်းနောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ ၏ လမ်းညွှန်မှုဖြင့် ပျဉ်းမလွင်ကျေးရွာ၌ တစ်ကွင်းတစ်ဆက်တည်း ဧက(၅၀၀) တစ်နှစ်နွေစပါး(၂)သီး ဒုတိယသီးနှံ နွေစပါး စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းနေမှု ကြည့်ရှုအားပေးခဲ့ပြီး ကတုတ်ရွာမကျေးရွာ၌ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် စနစ်ကျလယ်ယာမြေဖော်ထုတ်ပြီးစီးခဲ့သည့် တစ်ကွင်းတစ် ဆက်တည်း ဧက(၁၂၀)၌ နွေစပါးရိတ်သိမ်းနေမှုအား ကြည့်ရှုအားပေးခဲ့ရာ တစ်ဧကလျှင် အစိုတင်း(၁၃၆) တင်း ထွက်ရှိခဲ့ပြီး သီးထပ်စွမ်းအား တိုးတက်စေရေး မိုးစပါးပြီးပါက ပဲတီစိမ်းနှင့်မြေပဲ စံပြစိုက်ပျိုးပြသရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။