ပဲခူး ဇွန် ၁၀
ပဲခူးမြို့၊ဥဿာမြို့သစ်(၅)ရပ်ကွက်ရှိ ပဲခူးခရိုင်အားကစားကွင်း၌ ဇွန်လ(၁၀)ရက်နေ့ နံနက်ပိုင်းက တိုင်းဒေသကြီးအတွင်းမှ နိုင်ငံ့ဂုဏ်ဆောင် ပြေးခုန်ပစ်သမားများ ပေါ်ထွက်လာစေရေး ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား (၆)ခရိုင် အသက်(၁၈)နှစ်အောက် အမျိုးသား/အမျိုးသမီး ပြေးခုန်ပစ်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ချီးမြှင့် ပေးခဲ့သည်။
ရှေးဦးစွာ အမျိုးသား/အမျိုးသမီး မီတာ(၁၀၀)၊ မီတာ(၄၀၀)(၄)ယောက်တွဲ ဗိုလ်လုပွဲယှဉ်ပြိုင် ကစားနေမှုအား ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ ကျောင်းသား/သူများ စည်စည်ကားကား ကြည့်ရှု့အားပေးကြသည်။
ယင်းနောက် အမျိုးသားမီတာ(၈၀၀)ပြိုင်ပွဲနှင့် အမျိုးသမီး မီတာ(၈၀၀)ပြိုင်ပွဲတို့တွင် ပထမ၊ဒုတိယ၊ တတိယဆုရရှိသူများ၊ အမျိုးသား/အမျိုးသမီး မီတာ(၂၀၀)ပြိုင်ပွဲ၊ အမျိုးသား/အမျိုးသမီး လှံတံပစ်ပြိုင်ပွဲ၊ အမျိုးသား/အမျိုးသမီး သုံးဆင့်ခုန်ပြိုင်ပွဲ၊ အမျိုးသား/အမျိုးသမီး မီတာ(၄၀၀)ပြိုင်၊ အမျိုးသား/အမျိုးသမီး မီတာ(၁၀၀)ပြိုင်ပွဲ၊ အမျိုးသား/အမျိုးသမီး မီတာ(၁၀၀)(၄)ယောက်တွဲပြိုင်ပွဲ၊ အမျိုးသား/ အမျိုးသမီး မီတာ(၄၀၀)(၄)ယောက်တွဲပြိုင်ပွဲများတွင် ပထမ၊ဒုတိယ၊တတိယဆုရရှိသည့် အသင်းများအား ဆုတံဆိပ် နှင့်ငွေသားဆုများကို ပြိုင်ပွဲကျင်းပရေးကော်မတီနှင့် တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများ၊ အစိုးရအဖွဲ့ တာဝန်ရှိသူများက ဆုများအသီးသီးပေးအပ်ချီးမြှင့်ကြသည်။
ထို့နောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက အမျိုးသမီးတံခွန်စိုက် ပထမဆုရရှိ သော ပြည်ခရိုင်အသင်းအား ဆုဖလားနှင့်ငွေသားဆု(၅)သိန်းကျပ်ကိုလည်းကောင်း၊ အမျိုးသားတံခွန်စိုက် ပထမဆုရရှိသော ပြည်ခရိုင်အသင်းအား ဆုဖလားနှင့်ငွေသားဆု(၅)သိန်းကျပ်ကိုလည်းကောင်း၊ အမျိုးသား/ အမျိုးသမီး စုပေါင်းတံခွန်စိုက်ဆုရရှိသော ပြည်ခရိုင်အသင်းအား စုပေါင်းတံခွန်စိုက်ဆုဖလားနှင့် ငွေသား ဆုကျပ်(၁၀)သိန်းအားလည်းကောင်း ပေးအပ်ချီးမြှင့်ခဲ့ကြသည်။
အဆိုပါ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား (၆)ခရိုင် အသက်(၁၈)နှစ်အောက် အမျိုးသား/ အမျိုးသမီး ပြေးခုန်ပစ်ပြိုင်ပွဲအား ဇွန်လ(၉)ရက်နေ့မှ (၁၀)ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ပြီး တိုင်းဒေသကြီးအတွင်းရှိ ပဲခူး၊တောင်ငူ၊ညောင်လေးပင်၊ ပြည်၊ သာယာဝတီ၊ နတ်တလင်း စသည့်ခရိုင်(၆) ခရိုင်အတွင်းရှိ အမျိုးသား/ အမျိုးသမီး အားကစားသမား (၁၀၂)ဦးပါဝင်ကာ မီတာ(၁၀၀၊၂၀၀၊၄၀၀၊၈၀၀၊ ၁၅၀၀(ကျား/မ)၊ မီတာ ၃၀၀၀(မ)/မီတာ ၅၀၀၀(ကျား) အပြေးပြိုင်ပွဲများ၊ တန်းမြင့်ခုန်၊ အလျားခုန်၊ သုံးဆင့်ခုန် အားကစားနည်းများ၊ သံလုံးပစ်၊ သံပြားဝိုင်းပစ်၊ လှံတံပစ်၊ မီတာ(၁၀၀)(၄)ယောက်တွဲ လက်ဆင့်ကမ်း၊ မီတာ(၄၀၀)(၄)ယောက်တွဲ လက်ဆင့်ကမ်းစသည့် အားကစားနည်းများ ပါဝင်ယှဉ်ပြိုင် ကစားခဲ့ကြကြောင်း သတင်းရရှိသည်။