ပဲခူး ဇွန် ၁၉

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ဇွန်လ(၁၈)ရက်နေ့၊ နံနက်ပိုင်းက အစိုးအဖွဲ့ တာဝန်ရှိသူများနှင့်အတူ ပဲခူးမြို့ အားကစားဥယျာဉ် မိုးလုံလေလုံခန်းမ၌ ပဲခူးတိုင်းဒေသကြီးမှ အိမ်ရှင်အဖြစ် လက်ခံကျင်းပနေသည့် ၂၀၂၅ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ဂျူဒိုပြိုင်ပွဲ အမျိုးသား၊အမျိုးသမီး ဝိတ်တန်းအလိုက် ရှုံးထွက်အတိုက်ပြိုင်ပွဲများ ယှဉ်ပြိုင်ကစားနေမှုအား သွားရောက်ကြည့်ရှု့အားပေးခဲ့သည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အမျိုးသား/အမျိုးသမီး ဝိတ်တန်းအလိုက် ရှုံးထွက် အတိုက်ပြိုင်ပွဲ ယှဉ်ပြိုင်ကစားနေမှုအား ကြည့်ရှု့အားပေးခဲ့ပြီး ပြိုင်ပွဲဝင် အားကစားသမားများ၊ နည်းပြများ၊ ဒိုင်များ၏ နေထိုင်စားသောက်ရေးနှင့် ကျန်းမာရေးဆိုင်ရာကိစ္စရပ်များ လိုအပ်ချက်မရှိစေရေးနှင့် ရပ်ကွက်/ကျေးရွာများမှ အားကစားဝါသနာရှင်များ လာရောက်အားပေးနိုင်ရေး စီစဉ်ဆောင်ရွက်ပေးရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။
ပဲခူးတိုင်းဒေသကြီးမှ အိမ်ရှင်အဖြစ်လက်ခံကျင်းပသည့် ၂၀၂၅ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ဂျူဒိုပြိုင်ပွဲတွင် တိုင်းဒေသကြီးနှင့်ပြည်နယ် ကိုယ်စားပြုအားကစားသမားများမှ ယနေ့တွင် ရှုံးထွက်အတိုက် ပြိုင်ပွဲ ပွဲစဉ်များအဖြစ် အမျိုးသား(-၆၀)ကီလို၊ (-၆၆)ကီလို၊(-၇၃)ကီလို၊ (+၇၃)ကီလိုနှင့် အမျိုးသမီး(-၅၂) ကီလို၊ (-၆၃)ကီလို၊ (+၆၃)ကီလို၊ (-၅၇)ကီလိုစသည့် ဝိတ်တန်းများအလိုက် ယှဉ်ပြိုင် ကစားလျက်ရှိကြ ကြောင်း သတင်းရရှိသည်။