ပဲခူး ဇွန် ၂၅
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ဇွန်လ(၂၅)ရက်နေ့၊ နံနက်ပိုင်းက အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ ညောင်လေးပင်ခရိုင်အတွင်း စိုက်ပျိုးစွမ်းအားနှင့် မွေးမြူရေးစွမ်းအား ဖွံ့ဖြိုးတိုးတက်စေရေးနှင့် MSME ကုန်ထုတ်လုပ်မှု ပိုမိုဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းကြည့်ရှု အားပေးခဲ့ သည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ဒိုက်ဦးမြို့နယ်၊ ပေါက်တပင်ကျေးရွာ အုပ်စု၌ ဒေသခံမိုးစပါးစိုက်တောင်သူများနှင့်တွေ့ဆုံ၍ စိုက်ပျိုးသီးနှံအလိုက် ပန်းတိုင်အထွက်နှုန်း တိုးတက် ရရှိရေးအတွက် မျိုး၊ မြေ၊ ရေ၊ နည်း ကောင်းမွန်ပြည့်စုံစေရေးနှင့် မိရိုးဖလာလက်မှုလယ်ယာစနစ်မှ စက်မှုလယ်ယာစနစ်သို့ မဖြစ်မနေ ပြောင်းလဲဆောင်ရွက်သွားနိုင်ရေး အကျယ်တဝံ့ရှင်းလင်းပြောကြားခဲ့ ပြီး မိုးစပါးစိုက်တောင်သူများအား သွင်းအားစုများ ချီးမြှင့်ပေးအပ်ခဲ့သည်။ ၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ဦးလွင်ဦး၏ လယ်မြေ(၁၀)ဧကအတွင်း ပဲခူးမြို့၊ Agro Future Myanmar Co., Ltd မှ တီထွင်ထုတ်လုပ်ထားသော လူလိုက်ပါစီးနင်းနိုင်သည့် ကောက်စိုက်စက်ဖြင့် မိုးစပါးစိုက်ပျိုးခြင်း ကွင်း သရုပ်ပြပွဲအား ကွင်းဆင်းကြည့်ရှု အားပေးခဲ့သည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ညောင်လေးပင်မြို့နယ်၊ ဝဲဝန်းကျေးရွာအုပ်စု၊ ဘိုင်းဒါးကျေးရွာ၌ ဒေသတွင်းဥစားသုံးမှုဖူလုံစေရေး မွေးမြူရေးလုပ်ငန်းရှင် ဦးသူရဇော်၏ ဥစားကြက် ကောင်ရေ(၂၀၀၀)နှင့် မွေးမြူရေးလုပ်ငန်းရှင် ဦးဝင်းဌေး၏ ဥစားဘဲကောင်ရေ (၂၀၀၀)မွေးမြူထားရှိမှု တို့အား ကြည့်ရှုအားပေးခဲ့ပြီး မွေးမြူထုတ်လုပ်မှုမှရရှိသည့် ကြက်ဥနှင့်ဘဲဥများကို သယ်ယူမှုကုန်ကျစရိတ် မရှိဘဲ ဒေသတွင်းရှိ ကိုယ်တိုင်စိုက်ပျိုးမွေးမြူထုတ်လုပ်သူများ တိုက်ရိုက်အရောင်းတွင် ရာနှုန်းပြည့်ရောင်းချ နိုင်ရေးနှင့် အသားစားဘဲ၊ ဒေသဝက်နှင့် ဒေသကြက် မွေးမြူရေးလုပ်ငန်းများ တိုးချဲ့ဆောင်ရွက်သွားရန်နှင့် တိရစ္ဆာန်အစာအား ဒေသထွက်ကုန်ကြမ်းပစ္စည်းများဖြင့် ထုတ်လုပ်မွေးမြူနိုင်ရေး တာဝန်ရှိသူ များနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ညောင်လေးပင်မြို့နယ်၊ ပြွန်တန်ဆာမြို့၊ မြို့မ(၃)ရပ်ကွက်ရှိ ဦးအောင်ကျော်မင်း၏ New Age Water Tank အမှတ်တံဆိပ်ဖြင့် ရေတိုင်ကီနှင့် ဖိုက်ဘာလှေထုတ်လုပ်မှုလုပ်ငန်းသို့ သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး ပြည်ပသွင်းကုန်အစားထိုး ကုန်ထုတ်လုပ်ငန်းဖြစ်၍ ဒေသတွင်း MSMEs ကုန်ထုတ်လုပ်ငန်းများမှ ထွက်ရှိလာသည့် ထုတ်ကုန်များ၏ အရည်အသွေးမြင့်မားစေရေး တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်း ရရှိသည်။