Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဒေသအလိုက် စိုက်ပျိုးရေးကဏ္ဍ ဘက်စုံဖွံ့ဖြိုးတိုးတက် စေရေး ကွင်းဆင်းဖြည့်ဆည်းဆောင်ရွက်ပေး

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဒေသအလိုက် စိုက်ပျိုးရေးကဏ္ဍ ဘက်စုံဖွံ့ဖြိုးတိုးတက် စေရေး ကွင်းဆင်းဖြည့်ဆည်းဆောင်ရွက်ပေး

တောင်ငူ ဇူလိုင် ၂၂

          ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ ဇူလိုင်လ(၂၂)ရက်နေ့၊ နံနက်ပိုင်းက တောင်ငူခရိုင်အတွင်း ဒေသအလိုက်စိုက်ပျိုးရေးကဏ္ဍ ဘက်စုံ ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။

          ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် တာဝန်ရှိသူများသည်  တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်၊ ငှက်ပျောတောကျေးရွာအုပ်စု၊ ဂွေးတောက်ခင်ကျေးရွာရှိ 24 Hours Co., Ltd ရိုဘက်စတာကော်ဖီ စိုက်ပျိုးနေမှုအား ကွင်းဆင်းကြည့်ရှုခဲ့ရာ ရှင်းလင်းဆောင်၌ နှစ်ရှည်သီဟိုစိုက်ခင်း ဧရိယာအတွင်း ရိုဘက်စတာကော်ဖီ ဧက(၃၀၀) စိုက်ပျိုးစီမံဆောင်ရွက်လျက်ရှိသည့် အခြေအနေများအား တာဝန်ရှိသူများက ရှင်းလင်းတင်ပြခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ရိုဘက်စတာကော်ဖီသည် ပြည်ပ စျေးကွက်ရရှိထားပြီးဖြစ်၍ သတ်မှတ်ဧကပြည့်မီစွာစိုက်ပျိုးသွားရန် လမ်းညွှန်ပြောကြားခဲ့ပြီး ဆက်လက် စိုက်ပျိုးနိုင်ရေး ပျိုးထောင်ထားရှိသည့် ကော်ဖီပျိုးပင်များနှင့် စိုက်ပျိုးပြီး ကော်ဖီပင်များအား လှည့်လည် ကြည့်ရှုခဲ့ကြသည်။

          ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဖြူးမြို့နယ်၊ မင်းကံရိုးကျေးရွာအုပ်စုရှိ မိုးစပါး မျိုးစေ့ထုတ် တစ်ကွင်းတစ်ဆက်တည်း (၂၇)ဧက စုပေါင်းမြေဩဇာကြဲပတ်နေမှုနှင့် ပေါင်းမြက်နုတ်ပယ် နေမှုအား ကြည့်ရှုအားပေးခဲ့ပြီး ဒေသခံတောင်သူများနှင့်တွေ့ဆုံ၍ စိုက်ပျိုးသီးနှံအလိုက် ပန်းတိုင် အထွက်နှုန်းရရှိရေး မျိုး၊ မြေ၊ ရေ၊ နည်း အခြေခံ(၄)ချက်၏ အရေးပါပုံ၊ သီးနှံစိုက်စွမ်းအား တိုးတက်စေရေး မြေလပ်မရှိ စိုက်ပျိုးသွားရန်၊ သီးထပ်စွမ်းအား တိုးတက်စေရေး ကြိုးစားဆောင်ရွက်ရန်နှင့် ဓါတ်မြေဩဇာ အား သဘာဝမြေဩဇာနှင့် အချိုးကျတွဲဘက်သုံးစွဲရန် အကျယ်တဝံ့ရှင်းလင်းပြောကြားခဲ့သည်။ ၎င်းနောက် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများက စိုက်ပျိုးရေးနှင့် မွေးမြူရေးဆိုင်ရာ အသိပညာပေးခြင်းများ ပြောကြားခဲ့ပြီး ဒေသခံတောင်သူများအတွက် သွင်းအားစုများ ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။