တောင်ငူ ဩဂုတ် ၈
ပဲခူတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ ဩဂုတ်လ(၇)ရက်နေ့၊ နံနက်ပိုင်းက တောင်ငူမြို့နယ်အတွင်း ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များ ပြန်လည်ဖော်ထုတ်ထိန်းသိမ်းနိုင်ရေး ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တောင်ငူခရိုင်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ရှေးဟောင်းယဉ်ကျေးမှု သမိုင်းဆိုင်ရာအမွေအနှစ်များ ပြန်လည် ဖော်ထုတ်ထိန်းသိမ်းရာတွင် မူလနေရာ မှန်ကန်ရန်နှင့် မူလအဆောက်အဦပုံစံများ ထပ်ထူကျရန်လိုအပ် မှာဖြစ်၍ ပထမအဆင့်အနေဖြင့် တူးဖော်ရေးနှင့် သုတေသနပြုရေးသည် အလွန်အရေးကြီးပြီး ရှေးဟောင်း ယဉ်ကျေးမှုဇုံအလိုက် နယ်နိမိတ်သတ်မှတ်ချက်များ အများပြည်သူသိရှိနိုင်ရေး ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်သွားရမှာဖြစ်ကြောင်း၊ တူးဖော်ရရှိလာမည့် ရှေးဟောင်းပစ္စည်းများအပေါ် ခေတ်အလိုက် ခွဲခြား ၍ မှတ်တမ်းတင် ထိန်းသိမ်းသွားရမှာဖြစ်ကြောင်း၊ မြို့ရိုးပေါ်ရှိ အဆောက်အဦများနှင့် ခြုံနွယ်သစ်ပင်များ ကို ရှင်းလင်းခြင်းအပြင် မြို့ရိုးများအား တစ်ဆက်တစပ်တည်း တူးဖော်ခြင်း၊ ထိန်းသိမ်းခြင်းများ ဆောင် ရွက်သွားရန်နှင့် နန်းတော်ရာ နေရာအား ရှာဖွေေဖော်ထုတ်ရန် လမ်းညွှန်မှာကြားခဲ့သည်။
ထို့နောက် တောင်ငူခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌက ကေတုမတီမြို့ဟောင်း၊ မြို့ရိုးပေါ်တွင် တည်ဆောက်ထားသော အဆောက်အဦများနှင့်ပတ်သက်၍ နေရာပြောင်းရွေ့ရမည့် အစီအမံ များကိုလည်းကောင်း၊ တိုင်းဒေသကြီးရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ညွှန်ကြားရေးမှူး က ကေတုမတီမြို့ဟောင်း၏ မြို့ရိုး၊ တံခါးပေါက်နှင့် ကျုံးကူးတံတား ပြန်လည်ဖော်ထုတ် တည်ဆောက် သွားမည့် အစီအစဉ်များကိုလည်းကောင်း၊ တက်ရောက်လာသည့် ဌာနဆိုင်ရာများက သက်ဆိုင်ရာကဏ္ဍ အလိုက် ဆွေးနွေးတင်ပြခဲ့ရာ အစိုးရအဖွဲ့ဝင် ဝန်ကြီးများက ကေတုမတီမြို့ဟောင်းရှိ မြို့ရိုးနှင့် ကျုံး တည်ရှိရာ ယဉ်ကျေးမှုအမွေအနှစ်များ ပြန်လည်ဖော်ထုတ်နိုင်ရေး အကြံပြုတင်ပြခဲ့မှုအပေါ် တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည်များ ဖြည့်စွက်လမ်းညွှန်မှာကြားခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများအား ကေတုမတီမြို့ဟောင်း နန်းတော် နေရာဟုယူဆရသည့် နေရာနှင့်၊ ရှေးဟောင်းဘုတ်တလုပ်ကန်၊ မော်ကွန်းတံခါးပေါက်ရှိ ကျုံးကူးတံတား တည်ဆောက်မည့်နေရာတို့အား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများအား လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့သည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် တောင်ငူမြို့နယ်၊ မြို့မရဲစခန်းဝင်း၌ တပ်ဖွဲ့ဝင်မိသားစု များ ဝင်ငွေတိုးတက်ရရှိစေရေး၊ MSMEs လုပ်ငန်းရှင်များ ဖြစ်ပေါ်လာစေရေး၊ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်း သစ်တစ်ခုရရှိရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများ ဖွံ့ဖြိုးတိုးတက်စေရေး တိုင်းဒေသကြီးအစိုးရအဖွဲ့ အစီအစဉ်ဖြင့် ဒေသထွက်ကုန်ကြမ်းပစ္စည်းများအခြေခံ၍ တန်ဖိုးမြှင့်စားသောက်ကုန် ကိတ်မုန့်၊ပေါင်မုန့် အမျိုးမျိုးနှင့် ရေခဲမုန့်ပြုလုပ်ခြင်းသင်တန်းဖွင့်ပွဲသို့ တက်ရောက်အမှာစကားပြောကြားခဲ့ပြီး သင်တန်းအတွက် သင်ထောက်ကူပစ္စည်းနှင့် ချီးမြှင့်ငွေများ ပေးအပ်ခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် တောင်ငူမြို့နယ်၊ မဟင်ကျေးရွာအုပ်စု၌ မိုးစပါး ရေကြီးနစ်မြှုပ်ခဲ့သည့် မိုးစပါးစိုက်တောင်သူများနှင့်တွေ့ဆုံအားပေးစကားပြောကြားခဲ့ပြီး စပါးမျိုးစေ့များ အခမဲ့ဖြန့်ဝေပေးနိုင်ရေး တာဝန်ရှိသူများအား လမ်းညွှန်ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။