ဒိုက်ဦး အောက်တိုဘာ ၂၉

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အောက်တိုဘာလ ၂၉ ရက်နေ့၊ နံနက်ပိုင်းက ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်အတွင်းရှိ တောင်သူများနှင့်တွေ့ဆုံ၍ ဆောင်းသီးနှံမျိုးစေ့နှင့် သွင်းအားစု ဓာတ်မြေဩဇာ ချီးမြှင့်ပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့သည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ဒိုက်ဦးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနရုံး၊ အစည်းအဝေးခန်းမသို့ ရောက်ရှိခဲ့ပြီး ဒေသခံတောင်သူများနှင့်တွေ့ဆုံ၍ ဆောင်းသီးနှံတွင် ပဲအမျိုးမျိုး နှင့် ဆီထွက်သီးနှံကို အားထည့်စိုက်ပျိုးသည့် ဒေသတစ်ခုဖြစ်၍ ပြည်ပပို့ စိုက်ပျိုးသီးနှံများတွင် ပိုးသတ်ဆေး ဓာတ်ကြွင်း မပါရှိစေရေး အလေးထားလိုက်နာ ဆောင်ရွက်သွားရမှာဖြစ်ကြောင်း၊ သီးထပ်စွမ်းအားတိုးတက် စေရေးအတွက် ရေကြီးရေနက်ကွင်းများကို ရေတော်မိုးတော်စိုက်ဧက အဖြစ် နှစ်စဉ်အဆင့်မြှင့်တင်ပေးသွားမှာ ဖြစ်ကြောင်း၊ ဒေသကြက်နှင့်ဘဲ တစ်ပိုင်တစ်နိုင်မှ စီးပွားဖြစ်အထိ တိုးချဲ့မွေးမြူရမှာဖြစ်ကြောင်း၊ သွင်းအားစု ဓာတ်မြေဩဇာများကို တောင်သူကိုယ်တိုင်လုပ် သဘာဝမြေဩဇာနှင့် အချိုးကျရောစပ်သုံးစွဲကြရန် လမ်းညွှန် မှာကြားခဲ့သည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဒေသခံတောင်သူများအား ဆောင်းသီးနှံမျိုးစေ့များဖြစ်သည့် မြေပဲ၊ ပဲတီစိမ်း၊ နေကြာ၊ ပဲပိစပ်၊ ပိုက်ဆံလျှော်နှင့် သွင်းအားစုဓာတ်မြေဩဇာများ ချီးမြှင့်ပေးအပ်ခဲ့ပြီး တက်ရောက်လာသည့် တောင်သူများအား စားရေရိက္ခာဖူလုံစေရေး ရင်းရင်းနှီးနှီး အားပေးစကားပြောကြား ခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ဒိုက်ဦးမြို့နယ်၊ ပျဉ်းမလွင်ကျေးရွာ၌ နိုင်ငံ့စီးပွား မြှင့်တင်ရေးရန်ပုံငွေဖြင့် အောင်မြင်စွာ မွေးမြူရေးလုပ်ငန်း ဆောင်ရွက်လျက်ရှိသော ဦးဇော်လွင်၏ ကာကီကင်းမျိုး ဥစားဘဲကောင်ရေ(၇၀၀၀) မွေးမြူထားရှိမှုအား ကွင်းဆင်းကြည့်ရှုအားပေးခဲ့ပြီး ကွင်းစာ ဖြင့်မွေးမြူမှသာ တွက်ချေကိုက်ပြီး ထွက်ရှိလာသည့် ဘဲဥများအား သက်သာသောနှုန်းဖြင့် ဒေသတွင်းရောင်းချ နိုင်မည်ဖြစ်ပြီး ကိုယ်တိုင်ဘဲသားပေါက်ထုတ်လုပ်နိုင်ရေး တာဝန်ရှိသးများနှင့် ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် လက်ခုပ်ကွင်းကျေးရွာ၌ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ဒေသကြက် (၁၀၀၀၀)နှင့် ဥစားဘဲကောင်ရေ(၅၀၀၀)မွေးမြူထားရှိမှုနှင့် တိရိစ္ဆာန်အစာအဖြစ် ရေကျောက်ခတ်မွေးမြူရေးကန်များ ဆောင်ရွက်ထားရှိမှုတို့အား ကြည့်ရှုအားပေးခဲ့သည်။ ၎င်းနောက် ကတုတ် ဘုရားကြီးကျေးရွာအုပ်စုအတွင်းရှိ ယခင်စိုက်ပျိုး၍မရသော သဲဆန်ကုန်းကြောလယ်မြေအမျိုးအစား၌ ယာ-၁၄ စပါးမျိုး စိုက်ပျိုးအောင်မြင်ရိတ်သိမ်းနေမှုအား ကြည့်ရှုအားပေးခဲ့ပြီး မြို့နယ်အလိုက်ရှိ သဲဆန်ကုန်းကြော လယ်မြေများတွင် ပန်းတိုင်အထွက်နှုန်းရရှိသည့် ယာ-၁၄ စပါးမျိုးများ ပြောင်းလဲစိုက်ပျိုးရန် တာဝန်ရှိသူ များအား လမ်းညွှန်မှာကြားခဲ့ပြီး တစ်ဧကလျှင် အထွက်နှုန်း(၁၁၀)ထွက်ရှိကြောင်း သတင်းရရှိသည်။
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ Bago Region Government – Official Website