Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းဆောင်ရွက်

ပဲခူး နိုဝင်ဘာ ၂

          ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ယမန်နေ့ နံနက်ပိုင်းက ပဲခူးတိုင်း ဒေသကြီး(အနောက်ခြမ်း) စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။

          ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ နတ်တလင်းမြို့၊ “ရွှေလင်း”ခန်းမဘက်စုံအဆင့်မြှင့်တင် တည်ဆောက်နေမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ ပြီး သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အချိန်မီပြီးစီးရေး ဆောင်ရွက်ရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြား ခဲ့သည်။ ၎င်းနောက် ဇီးကုန်းမြို့မဈေးသို့ သွားရောက်၍ ဈေးအတွင်း ဈေးဆိုင်ခန်းများ စနစ်တကျဖြစ်စေရေး၊ ရေစီးရေလာကောင်းမွန်စေရေး၊ သတ်မှတ်ထားသည့် လျှောက်လမ်းဧရိယာအတိုင်း ကျူးကျော်ဈေးရောင်းချ မှုမရှိစေရေး တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ပြီး ကုန်စိမ်းဈေးတန်းနှင့် သားငါးဈေးတန်းတို့အတွက် ဈေးရုံအသစ်တစ်ခု အမြန်ဆုံးတည်ဆောက်ပေးရန် လမ်းညွှန်မှာကြားခဲ့သည်။

          ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် လက်ပံတန်းမြို့နယ်၊ ဓနတိုးကျေးရွာရှိ မွေးမြူရေးလုပ်ငန်းရှင် ဦးစိုင်းဝေလင်း၏ ငါးမြစ်ချင်း၊ ငါးကြင်း၊ ငါးခေါင်းပွ စုစုပေါင်းကောင်ရေ(၃၀၀၀၀) အောင်မြင်စွာ မွေးမြူထားရှိမှုအား ကွင်းဆင်းကြည့်ရှုအားပေးခဲ့ပြီး ဒေသတွင်းငါးစားသုံးမှု ဖူလုံစေရေး ငါးမွေးမြူရေးလုပ်ငန်းများ တိုးချဲ့ဆောင်ရွက်ရန်၊ အစားအစာ ဘေးကင်းလုံခြုံမှုရှိစေရေး သတ်မှတ်နည်းလမ်း အတိုင်း မွေးမြူသွားရန်၊ ဒေသထွက်ကုန်ကြမ်းပစ္စည်းများဖြင့် ငါးစာထုတ်လုပ်မွေးမြူရန်နှင့် ကိုယ်တိုင် သားဖောက်မွေးမြူခြင်းအပြင် တိုင်းရင်းငါးမျိုးများလည်း တိုးချဲ့မွေးမြူနိုင်ရေး လမ်းညွှန်မှာကြားခဲ့သည်။

          ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် သာယာဝတီမြို့နယ်၊ ကျွန်းကုန်းကျေးရွာအုပ်စု၌ လွတ်ကျောင်းစနစ်ဖြင့် ဥစားဘဲ မွေးမြူထားရှိမှုအား ကြည့်ရှုအားပေးခဲ့ပြီး စပါးခင်းများအတွင်း လွတ်ကျောင်း စနစ်ဖြင့် မွေးမြူခြင်းသည် လယ်မြေများအတွက် အလွန်ကောင်းမွန်ပြီး စပါးဖျက်ပိုးများ ကာကွယ်ခြင်းဖြစ် သည့်အပြင် အစာဘိုးကုန်ကျစရိတ်သက်သာသဖြင့် တွက်ချေကိုက်သည့် မွေးမြူရေးလုပ်ငန်းတစ်ခုဖြစ်၍ ဥစားဘဲနှင့် အသားစားဘဲ တိုးချဲ့မွေးမြူနိုင်ရေး တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

          ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် သာယာဝတီမြို့နယ်၊ ကျွန်းကုန်းကျေးရွာအုပ်စု၌ တန်ဖိုးမြှင့်ပေါ်ဆန်း(၄)မျိုး ယှဉ်ပြိုင်စမ်းသပ်ကွက် စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းနေမှုအား ကွင်းဆင်းကြည့်ရှု အားပေးခဲ့ပြီး မြို့နယ်အလိုက် တန်ဖိုးမြှင့်ပေါ်ဆန်းစပါး စိုက်ပျိုးရေးဇုန်များ ဖော်ဆောင်ရန်၊ ဒေသနှင့်ကိုက်ညီ သည့် ပေါ်ဆန်းစပါးမျိုး လုံလောက်စွာရရှိရေးနှင့် တောင်သူအသိပညာပေးခြင်းလုပ်ငန်းများ ကျယ်ကျယ် ပြန့်ပြန့် ဆောင်ရွက်ရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။

          ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် သာယာဝတီမြို့၌ လယ်ယာသုံးစက် ကိရိယာထုတ်လုပ်ရေးလုပ်ငန်းရှင် ဦးမြင့်ထွေး၏ အကွက်ကျယ် စပါးမျိုးစေ့ချစက်နှင့် ထွန်စက်တွဲဘက်စုံသုံး အစေ့ချစက် တီထွင်ထုတ်လုပ်ထားရှိမှုအား ကြည့်ရှုအားပေးခဲ့ပြီး စိုက်ပျိုးသီးနှံအလိုက် ပန်းတိုင်အထွက်နှုန်း ရရှိရေးအတွက် လယ်ယာသုံးစက်ကိရိယာများ မဖြစ်မနေသုံးစွဲရမည်ဖြစ်၍ လယ်ယာသုံးစက်ကိရိယာမျိုးစုံ တီထွင်ထုတ်လုပ်နိုင်ရေး လိုအပ်သည်များ ပံ့ပိုးကူညီဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။