Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပဲခူးမြို့နယ်အတွင်း ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှု ဖြည့်ဆည်းဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပဲခူးမြို့နယ်အတွင်း ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှု ဖြည့်ဆည်းဆောင်ရွက်

ပဲခူး နိုဝင်ဘာ ၁၈

          ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ နိုဝင်ဘာလ(၁၈)ရက်နေ့၊ နံနက်ပိုင်းက ပဲခူးမြို့နယ်အတွင်း ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်း ကြည့်ရှု ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

          ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ပဲခူးမြို့နယ်၊ ကျိုက်ပဒိုင်လေးကျေးရွာရှိ ရွှေတိဂုံလေးစေတီတော်မြတ်ကြီး၌ ထုံးသင်္ကန်းကပ်လှူရောင်တော်ဖွင့်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး ရွှေတိဂုံလေးစေတီတော်မြတ်ကြီး၏ ဩဝါဒစရိယဆရာတော်အား သွားရောက် ဖူးမြှော်၍ လှူဖွယ်ဝတ္တုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့သည်။

          ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် တာဝန်ရှိသူများသည် ပဲခူးမြို့နယ်၊ မုက္ကလ ကျေးရွာ၌ ရွာအဝင်ကုန်ထုတ်လမ်း ယခင်မြေသားလမ်း အရှည်(၇)ဖာလုံ၊ အကျယ်(၁၂)ပေအား ဂဝံလမ်း အဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်နေမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး လမ်းဘေးဝဲယာ၌ အရိပ်ရသော သီးပင်စားပင်များ စိုက်ပျိုးသွားရန်နှင့် သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အချိန်မီပြီးစီးရေး တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ပြီး ဒေသခံပြည်သူများနှင့်တွေ့ဆုံ၍ ပြည်ပဈေးကွက်ရှိပြီး ပန်းတိုင်အထွက်နှုန်းရရှိသည့် တန်ဖိုးမြှင့်ပေါ်ဆန်းစပါးမျိုးများ တိုးချဲ့စိုက်ပျိုးနိုင်ရေး အသိပညာပေးပြောကြားခဲ့သည်။

          ယင်းနောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မုက္ကလကျေးရွာ၊ အခြေခံပညာအလယ်တန်း ကျောင်း(ခွဲ)သို့ ရောက်ရှိခဲ့ပြီး ကျောင်းသား/သူများ စိတ်အေးချမ်းသာစွာ ပညာသင်ကြားနေမှုအား ကြည့်ရှု အားပေးခဲ့ပြီး လိုအပ်သည်များ ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကာ ဆရာ/ဆရာမများအတွက် သီးခြား ချီးမြှင့်ငွေများ ပေးအပ်ခဲ့သည်။ ၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် မုက္ကလကျေးရွာ စာကြည့်တိုက် တွင် သုသ/ရသနှင့် ယဉ်ကျေးလိမ္မာ စာအုပ်စာစောင်များ ဝယ်ယူထားရှိနိုင်ရေး စာကြည့်တိုက်မှူးအား အလှူ ငွေကျပ်(၅)သိန်း ပေးအပ်လှူဒါန်းခဲ့သည်။

          ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် မုက္ကလကျေးရွာ ဘုန်းတော်ကြီးကျောင်း၊ စိုင်တီကျေးရွာ ဘုန်းတော်ကြီးကျောင်းနှင့် တောင်သူစုကျေးရွာ ဦးကိတ္တိဘုန်းတော်ကြီးကျောင်းများသို့ သွားရောက်၍ ကျောင်းထိုင်ဆရာတော်ကြီးများအား လှူဖွယ်ဝတ္တုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့သည်။ ၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် အိုးဘိုကျေးရွာသို့ သွားရောက်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် အရှည်(၅၁၈၀)ပေ၊ အကျယ်(၁၄)ပေ ကုန်ထုတ်လမ်း ဖောက်လုပ်မည့်နေရာသို့ ကွင်းဆင်းကြည့်ရှုစစ်ဆေး ခဲ့ပြီး ကုန်ထုတ်လမ်းဘေး၌ ရေထုတ်မြောင်းများ ထည့်သွင်းဆောင်ရွက်ရန်နှင့် စိုက်ပျိုးရာသီအမီ အချိန်မီ ပြီးစီးရေး တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ကာ မွေးမြူရေးလုပ်ငန်းရှင် ဦးကုလား၏ အသားတိုးဝက် မွေးမြူရေးခြံသို့ ရောက်ရှိခဲ့ပြီး ဒေသထွက်ကုန်ကြမ်းပစ္စည်းများဖြင့် တိရိစ္ဆာန်အစာထုတ်လုပ်သုံးစွဲရန်နှင့် ဒေသဝက်နှင့် ဒေသကြက်မွေးမြူရေးလုပ်ငန်းများ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။

          ဆက်လက်၍ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ခဲ့သည့် ပဲခူးမြို့၊ ရွှေအောင်ရွေးစေတီတော်မြတ်ကြီး၏ ကုန်းတော်အား တိုင်းဒေသကြီးအစိုးရအဖွဲ့ အစီအစဉ်ဖြင့် ပိုမိုကျစ်လစ်ခိုင်မာမှုရှိစေရေး ကွန်ကရစ်လောင်းထည့်ခြင်းလုပ်ငန်း၊ ရင်ပြင်တော်ပြန်လည်တည်ဆောက်ခြင်း နှင့် ဓါတ်လှေကားတပ်ဆင်ပေးနိုင်ရေး ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး သတ်မှတ်ကာလအတွင်း စံချိန်စံညွှန်း နှင့်အညီ အချိန်မီပြီးစေရေး လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။