Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း  ကဝမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်း ကြည့်ရှုစစ်ဆေး

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း  ကဝမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်း ကြည့်ရှုစစ်ဆေး

ကဝ ဒီဇင်ဘာ ၆

          ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ယမန်နေ့ မွန်းလွဲပိုင်းက ကဝမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။

          ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ပဲခူး- သနပ်ပင်- ခရမ်း- သံလျင်လမ်း မိုင်တိုင်အမှတ် (၁၃/၆-၁၃/၇)ကြား စိန်နားကပ်တံတား တည်ဆောက်ရေးရှင်းလင်းဆောင်၌ တံတား တည်ဆောက်ရေးစီမံကိန်းဆိုင်ရာ အချက်အလက်များအား တံတားအထူးအဖွဲ့(၉) တာဝန်ရှိသူက ရှင်းလင်း တင်ပြခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ပဲခူး- သနပ်ပင်- ခရမ်း- သံလျင်လမ်းသည် သီလဝါဆိပ်ကမ်းနှင့် တိုက်ရိုက်ချိတ်ဆက်ထားသည့် လမ်းဖြစ်ပြီး နောင်တစ်ချိန် ကုန်စည်ပို့ဆောင်ရေးအတွက် အဓိကအသုံးပြု သွားမှာဖြစ်၍ တံတားတည်ဆောက်ခြင်းအပြင် တံတားချည်းကပ်လမ်းများ ကောင်းမွန်မှုရှိစေရေး ထည့်သွင်း ဆောင်ရွက်ရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။

          ထို့နောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်သည်   ကဝမြို့နယ်၊ အုန်းနှဲစံပြကျေးရွာ၊ အခြေခံပညာ အထက်တန်း၌ ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ MSMEs လုပ်ငန်းရှင်များ၊ ဒေသခံပြည်သူများနှင့်တွေ့ဆုံခဲ့ရာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲထွန်းက အုပ်ချုပ်ရေး၊ စီးပွားရေး၊ လူမှုရေး ဆိုင်ရာ အချက်အလက်များအား Power Point ဖြင့် ရှင်းလင်းတင်ပြခဲ့သည်။ ၎င်းနောက် တက်ရောက်လာ သည့် ဒေသခံပြည်သူများက ဒေသဖွံ့ဖြိုးရေးဆိုင်ရာကိစ္စရပ်များ တင်ပြခဲ့ရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် က တင်ပြချက်များနှင့်ပတ်သက်၍ ဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပြီး တက်ရောက် လာသည့် ဒေသခံများအား  ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက် အားပေးစကား ပြောကြားခဲ့သည်။

              ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်သည်  ကဝမြို့နယ်၊ အုန်းနှဲစံပြကျေးရွာ၊ အခြေခံပညာ အထက်တန်း၌ မဲရုံအမှတ်(၁)တွင် မဲပေးသူနားနေရန်နေရာ၊ မဲစာရင်းအမှတ်စဉ်နေရာ၊ မဲစာရင်းစစ်ဆေးသူ နေရာနှင့် အေးဆေးသက်သာစွာ မဲပေးနိုင်ရေး ပြင်ဆင်ဆောင်ရွက်ထားရှိမှုတို့အား ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ပြီး လိုအပ်သည်များ ဖြည့်စွက်လမ်းညွှန်မှာကြားခဲ့သည်။