Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပဲခူးတိုင်းအနောက်ခြမ်း မြို့ပြသန့်ရှင်းသာယာလှပစေရေး၊ စားရေရိက္ခာဖူလုံပိုလျှံစေရေး ကွင်းဆင်းဖြည့်ဆည်းဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပဲခူးတိုင်းအနောက်ခြမ်း မြို့ပြသန့်ရှင်းသာယာလှပစေရေး၊ စားရေရိက္ခာဖူလုံပိုလျှံစေရေး ကွင်းဆင်းဖြည့်ဆည်းဆောင်ရွက်

ပြည် ဇန်နဝါရီ ၉

          ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ဇန်နဝါရီလ(၉)ရက်နေ့၊ နံနက်ပိုင်းက ပဲခူးတိုင်း အနောက်ခြမ်း မြို့ပြသန့်ရှင်းသာယာလှပစေရေး၊ စားရေရိက္ခာဖူလုံပိုလျှံစေရေး ကွင်းဆင်းဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။

          ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ပြည်မြို့၊ ခေတ္တရာပန်းခြံ ဘက်စုံအဆင့်မြှင့်တင် နေမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး ရာသီအလိုက် ပန်းရောင်စုံဖူးပွင့်စေရေး၊ Landscaping design မြေယာအလှရှုခင်း စနစ်တကျဆောင်ရွက်ရန်နှင့် သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အချိန်မီပြီးစီးရေး ကြီးကြပ် ဆောင်ရွက်ရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။ ၎င်းနောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် သည် ဧရာဝတီမြစ် River View အဆင့်မြင့် Coffee Shop များ တည်ဆောက်ထားရှိမှုနှင့် ကမ်းနားလမ်း အဆင့်မြှင့်တင်နေမှုတို့အား ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့သည်။

             ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ကမ်းနားလမ်းအား ဖြတ်သန်း စီးဆင်းနေသည့် ဘူးခါးချောင်း၌ ကြိုးတံတားတည်ဆောက်ရေးလုပ်ငန်းခွင်သို့ ရောက်ရှိခဲ့ပြီး ခိုင်ခံ့လှပသည့် ကြိုးတံတားတစ်စင်းဖြစ်စေရေး တည်ဆောက်ရေးလုပ်ငန်းစဉ် တစ်ခုချင်းအလိုက် ကြီးကြပ်ဆောင်ရွက် သွားရန် လမ်းညွှန်မှာကြားခဲ့သည်။

                ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် သာယာဝတီမြို့နယ်၊ ကျွဲသတ်ကျေးရွာအုပ်စု၌ ရေဆင်းပေါ်ဆန်း(၁)နှင့် ရေဆင်းပေါ်ဆန်း(၂)တို့အား စိုက်ဧက(၁၀၀)အတွက် ပျိုးခင်းစိုက်ပျိုးထားရှိမှုအား ကွင်းဆင်းကြည့်ရှုအားပေးခဲ့ပြီး ဒေသခံတောင်သူများနှင့်တွေ့ဆုံခဲ့ပြီး တန်ဖိုးမြှင့်ပေါ်ဆန်းစိာက်ပျိုးရေးဇုံများ စီမံချက်ပါအတိုင်း ဆောင်ရွက်ရန်၊ ပေါ်ဆန်းမျိုးစေ့ထုတ်စိုက်ခင်းများ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ရန်နှင့် တန်ဖိုးမြှင့်ပေါ်ဆန်းမွှေးစပါးစိုက်ပျိုးနည်းစနစ် သရုပ်ပြသခ့င်းများ ကျေးရွာအလိုက်ဆောင်ရွက်ရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။

               ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် သာယာဝတီမြို့၊ ဆရာစံခန်းမ ဘက်စုံ အဆင့်မြှင့်တင်နေမှုအား ကြည့်ရှုစစ်ဆေးခဲ့ပြီး ခန်းမဧရိယာအတွင်း အရိပ်ရပင်များစိုက်ပျိုးရန်နှင့် သတ်မှတ် ကာလအတွင်း အချိန်မီပြီးစီးရေး တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။ ၎င်းနောက် သုံးဆယ်မြို့၊ ဆန်စက်လုပ်ငန်းရှင် ဦးတင်စိုး၏ စွန့်ပစ်စပါးခွံသုံး Gasifier နှင့် Solar စနစ်ဖြင့် ဆန်စက်လည်နေမှု၊ စပါးအခြောက်ခံစက် တည်ဆောက်နေမှုတို့အား ကွင်းဆင်းကြည့်ရှု အားပေးခဲ့ကြောင်း သတင်းရရှိသည်။