သာယာဝတီ ဇန်နဝါရီ ၃၀

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် အတူ ယမန်နေ့၊ နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး(အနောက်ခြမ်း)စားရေရိက္ခာဖူလုံစေရေး ကွင်းဆင်း ကြည့်ရှု ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
ရှေးဦးစွာ သာယာဝတီမြို့နယ်အတွင်း ရေဆင်းပေါ်ဆန်း မျိုးစေ့ထုတ်စိုက်ခင်း (၄၁၇)ဧကရှိပြီး သင်တောရိုးကျေးရွာအုပ်စု၌ တစ်ကွင်းတစ်ဆက်တည်း ဧက(၂၀) ခေါင်နှံမျိုးဖြင့် ပျိုးထောင်နေမှုအား ကွင်းဆင်းကြည့်ရှုအားပေးခဲ့ပြီး ဒေသခံတောင်သူများနှင့်တွေ့ဆုံ၍ ပေါ်ဆန်းစပါးမျိုးသည် ပြည်ပပို့ကုန် စျေးကွက်ရှိခြင်း၊ တန်ဖိုးမြှင့်စပါးမျိုးဖြစ်၍ တောင်သူဝင်ငွေ တိုးတက်ရရှိနိုင်သဖြင့် မြို့နယ်အလိုက် သတ်မှတ်ထားသည့် ပေါ်ဆန်းစပါးစိုက်ခင်းဇုံများ အပြည့်အဝ အကောင်အထည်ဖော်ဆောင်ရွက်ရန်၊ ပေါ်ဆန်းစပါး စိုက်ပျိုးနည်းစနစ် အသိပညာပေးခြင်းများ ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်ရန် တာဝန်ရှိသူ များအား လမ်းညွှန်မှာကြားခဲ့သည်။
ထို့နောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်အဖွဲ့သည် သာယာဝတီမြို့နယ်၊ သုံးဆယ်မြို့၊ အလယ်ကုန်းရပ်ကွက်၌ နိုင်ငံ့စီးပွါးမြှင့်တင်ရေးရန်ပုံငွေဖြင့် အောင်မြင်စွာမွေးမြူရေးလုပ်ငန်း ဆောင်ရွက်နေသည့် ဦးဝင်းမြင့်အောင်၏ ဒေသကြက် ကောင်ရေ(၅၀၀၀) မွေးမြူထားရှိမှုအား ကွင်းဆင်း ကြည့်ရှုအားပေးခဲ့ပြီး ဒေသကြက်သည် ဒေသထွက်အစာဖြင့်သာ မွေးမြူနိုင်ခြင်း၊ ရာသီဥတုဒဏ်ခံ နိုင်ခြင်းနှင့် ပြည်တွင်းစားသုံးမှုမြင့်မားသဖြင့် မြစိမ်းရောင်ကျေးရွာများတွင် တစ်ပိုင်တစ်နိုင်မွေးမြူသည့် အဆင့်မှ တိုးချဲ့၍ ဒေသကြက်မွေးမြူရေးဇုံများ ဖော်ဆောင်ရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြား ခဲ့သည်။
ယင်းနောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် တာဝန်ရှိသူများသည် သာယာဝတီ မြို့နယ်၊ ကွင်းကြီးကျေးရွာ၌ မွေးမြူရေးလုပ်ငန်းရှင် ဒေါက်တာအောင်မိုး၏ ဥစားကြက်ကောင်ရေ (၃၀၀၀)နှင့် ဥစားဘဲကောင်ရေ(၂၀၀၀) မွေးမြူထားရှိမှုတို့အား ကြည့်ရှုအားပေးခဲ့ပြီး ဒေသတွင်း ဥစားသုံးမှု အပြင် အသားစားသုံးမှုဖူလုံစေရေး အသားတိုးကြက်များ တိုးချဲ့မွေးမြူနိုင်ရေး တာဝန်ရှိသူများနှင့် ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်၍ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ပေါင်းတည်မြို့နယ်၊ မကျည်းပင် ကျေးရွာအုပ်စု၌ သဘာဝရွက်က်ဖျန်းမြေဩဇာဖြင့် မတ်ပဲစမ်းသပ်ကွက် ဆောင်ရွက်နေမှုအား ကွင်းဆင်း ကြည့်ရှုခဲ့ရာ သက်ဆိုင်ရာစိုက်ပျိုးရေး တာဝန်ရှိသူက အပင်အရွက်ကောင်းမွန်မှု၊ သီးတောင့်ပိုမိုထွက်ရှိမှု၊ ပိုးမွှားရောဂါဒဏ်ခံနိုင်မှု၊ ပိုးသတ်ဆေးနှင့်သွင်းအားစု ကုန်ကျစရိတ်သက်သာခြင်းစသည့် အကျိုးကျေးဇူး များအား ရှင်းလင်းတင်ပြခဲ့ရာ သဘာဝမြေဩဇာများသုံးစွဲမှသာ စိုက်ပျိုးထုတ်လုပ်မှူသက်သာခြင်း၊ သီးတောင့်ပိုမိုထွက်ရှိ၍ အထွက်နှုန်းတိုးတက်မှသာ တောင်သူများအကျိုးအမြတ်ပိုမိုရရှိနိုင်မှာဖြစ်သဖြင့် တောင်သူများ ကျယ်ကျယ်ပြန့်ပြန့် လိုက်နာသုံးစွဲနိုင်ရေး အသိပညာပေးသရုပ်ပြသရန်နှင့် နွားမွေးမြူရေး လုပ်ငန်းများ တိုးချဲ့မွေးမြူသွားရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ Bago Region Government – Official Website