Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပန်းတောင်းမြို့နယ်အတွင်း စိုက်ပျိုးစွမ်းအားမြှင့်တင် ပေးနိုင်ရေး ကွင်းဆင်းဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပန်းတောင်းမြို့နယ်အတွင်း စိုက်ပျိုးစွမ်းအားမြှင့်တင် ပေးနိုင်ရေး ကွင်းဆင်းဆောင်ရွက်

ပန်းတောင်း ဇန်နဝါရီ ၃၁

        ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ ဇန်နဝါရီလ ၃၁ ရက်နေ့၊ နံနက်ပိုင်းက ပန်းတောင်းမြို့နယ်အတွင်း စိုက်ပျိုးစွမ်းအားမြှင့်တင်ပေးနိုင်ရေး ကွင်းဆင်းဆောင်ရွက် ခဲ့သည်။

       ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ပန်းတောင်းမြို့နယ်၊ ရေလယ်ကျွန်း ကျေးရွာအုပ်စု၌ တစ်ကွင်းတစ်ဆက်တည်း မြေပဲ(၂၁၇၀)ဧက၌ နေကြာသီးညှပ်စိုက်ပျိုးကာ တိရိစ္ဆာန်စွန့်ပစ် ပစ္စည်းဖြင့် သဘာဝရွက်ဖြန်းမြေဩဇာပြုလုပ်သုံးစွဲ စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းနေမှုအား ကွင်းဆင်းကြည့်ရှု အားပေးခဲ့ပြီး ဒေသခံတောင်သူများနှင့်တွေ့ဆုံ၍ မြေပဲခင်းများအား သဘာဝရွက်ဖျန်းမြေဩဇာဖြင့် တောင်သူကိုယ်တိုင် ထုတ်လုပ်သုံးစွဲကြရန်၊ ဓါတ်မြေဩဇာ၊ ပိုးသတ်ဆေး၊ မှိုသတ်ဆေးနှင့် အသီးအပွင့် အားတိုးဆေး လျော့နဲသုံးစွဲရသည့် ကုန်ကျစရိတ်သက်သာသဖြင့် တောင်သူဝင်ငွေတိုးတက်လာခြင်း၊ မြေဆီလွှာဖွံ့ဖြိုးတိုးတက်လာခြင်းနှင့်အတူ သီးနှံအထွက်နှုန်းများ တိုးတက်လာမှာဖြစ်၍ အလေးထား ဆောင်ရွက်ကြရန် လမ်းညွှန်မှာကြားခဲ့သည်။

          ထို့နောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်အဖွဲ့သည် ပန်းတောင်းမြို့နယ်၊ ပဲကြီးအင်းကျေးရွာ၊ တောင်ဘွေဘုန်းတော်ကြီးကျောင်းအနီး ဧရာဝတီမြစ်ကမ်းပြိုကာကွယ်ရေးလုပ်ငန်း သို့ ရောက်ရှိခဲ့ရာ စီမံကိန်းရှင်းလင်းဆောင်၌ တာဝန်ရှိသူများက ဧရာဝတီမြစ်ကမ်းပြိုကာကွယ်ရေး လုပ်ငန်းစဉ်အဆင့်ဆင့်အား ရှင်းတင်ပြခဲ့ရာ နှစ်စဉ်သဲနှုန်းပို့ချမှုများကြောင့် မြစ်ကြမ်းပြင်မြင့်တက်လာပြီး ရေကြီးခြင်း၊ သဲသောင်ဖြစ်ပေါ်ခြင်းတို့သည် မြစ်ကြောင်းပြောင်းလဲ၍ ကမ်းပြိုမှုဖြစ်ပေါ်ရကြောင်း၊ ကမ်းပြိုခြင်းကြောင့် ပြည်သူလူထု၏ အိုးအိမ်များ၊ စိုက်ပျိုးမြေများ ပျက်စီးဆုံးရှုံးမှုမဖြစ်ပေါ်စေရေးအတွက် မြစ်ကွေ့ဖြောင့်ခြင်းအပြင် သဲသောင်တူးခြင်း၊ Bored Pile အခြေပြု ကျောက်စီမြေထိန်းနံရံ တည်ဆောက် ခြင်းနှင့် ရေလမ်းကြောင်းလွှဲခြင်းလုပ်ငန်းများကို နှစ်စဉ်ဆောင်ရွက်ပေးလျက်ရှိရာ သတ်မှတ်ကာလအတွင်း သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အချိန်မီပြီးစီးရေး ဆောင်ရွက်ရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ သည်။

          ယင်းနောက်  ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်တာဝန်ရှိသူများသည် ပန်းတောင်း မြို့နယ်၊ ဖောင်းကန်ရပ်ကွက်၌ ဒေသခံအိုးလုပ်ငန်းဆောင်ရွက်နေသူများအား စက်မှုလက်မှုတန်ဖိုးမြှင့် အိုးလုပ်ငန်းသင်တန်း ဆောင်ရွက်ပေးနေမှုအား ကွင်းဆင်းကြည့်ရှုအားပေးခဲ့ပြီး စဉ့်အိုးလုပ်ငန်းနှင့် စဉ့်ထည်အမျိုးမျိုးထုတ်လုပ်ခြင်းအပြင် အမိုးအုတ်ကြွပ်ပြားလုပ်ငန်းများ ဆောင်ရွက်နိုင်စေရေး ဆက်လက် သင်တန်းဖွင့်လှစ်ပေးနိုင်ရေးနှင့် ဈေးကွက်ရရှိရေး တာဝန်ရှိသူများနှင့် ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေး ခဲ့သည်။

          ဆက်လက်၍ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ပန်းတောင်းမြို့၊ မင်းရပ်ရပ်ကွက် ၌ တစ်ကွင်းတစ်ဆက်တည်း (၁၀၅)ဧက၌ သီးနှံမျိုးစုံအကန့်လိုက် စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းနေမှုနှင့် စမ်းပေါက်လျှပ်စစ်မြစ်ရေတင်လုပ်ငန်းမှ စိုက်ပျိုးမြေဧက(၅၀) ရေပေးဝေရေး ဆောင်ရွက်နေမှုတို့အား ကွင်းဆင်းကြည့်ရှုခဲ့ပြီး တာဝန်ရှိသူများအား လိုအပ်သည်များ ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ ကြောင်း သတင်းရရှိသည်။