Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဆောင်၍ စိုက်ပျိုးထုတ်လုပ်မှုမြင့်မားရေးနှင့် ပန်းတိုင်အထွက်နှုန်း ပြည့်မီရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးအမှတ်စဉ် (၁/၂၀၂၄) ကျင်းပပြုလုပ်

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဆောင်၍ စိုက်ပျိုးထုတ်လုပ်မှုမြင့်မားရေးနှင့် ပန်းတိုင်အထွက်နှုန်း ပြည့်မီရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးအမှတ်စဉ် (၁/၂၀၂၄) ကျင်းပပြုလုပ်

ပဲခူး ဇန်နဝါရီလ ၃

=================

          ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ ဇန်နဝါရီလ(၃)ရက်နေ့၊ နံနက်ပိုင်းက တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်၍ စိုက်ပျိုးထုတ်လုပ်မှုမြင့်မားရေးနှင့် ပန်းတိုင်အထွက်နှုန်းပြည့်မီရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးအမှတ်စဉ် (၁/၂၀၂၄) ကျင်းပပြုလုပ်သည်။

          ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက စိုက်ပျိုးရေးလုပ်ငန်းသည် တောင်သူများ အတွက် အချိန်တိုကာလအတွင်း ဝင်ငွေရရှိသည့် Quick Win ဖြစ်သည့် လုပ်ငန်းတစ်ခုဖြစ်၍ သက်ဆိုင်ရာ ဌာနဆိုင်ရာများက ပူးပေါင်းဆောင်ရွက်စေလိုကြောင်း၊ ပဲခူးတိုင်းဒေသကြီးအတွင်း တစ်နှစ် (၂)သီး (၃)သီး သီးထပ်ဧကများ တိုးချဲ့ဆောင်ရွက်သွားရန်နှင့် စိုက်ပျိုးသီးနှံအလိုက် ပန်းတိုင်ရည်မှန်းချက်ပြည့်မီစေရေး လိုအပ်သည့်ပံ့ပိုးကူညီမှုများ ဖြည့်ဆည်းဆောင်ရွက်ပေးသွားရမှာဖြစ်ကြောင်း၊ ပြည်ပသွင်းကုန် ဓါတ်မြေ ဩဇာလျော့ချသုံးစွဲနှင့် မြေဆီလွှာဖွံ့ဖြိုးတိုးတက်စေရေးအတွက် သဘာဝမြေဩဇာ ထုတ်လုပ်သုံးစွဲနိုင်ရေး၊ ပိုက်ဆံလျှော်သစ်စိမ်းမြေဩဇာ စိုက်ပျိုးသွားရမှာဖြစ်ကြောင်း၊ စိုက်ပျိုးရေးဝန်ထမ်း များသည် အလှမ်းဝေးသည့်ကျေးရွာများအထိ ရောက်ရှိနိုင်ရန် အခက်အခဲရှိနိုင်သဖြင့် စိုက်ပျိုးရေးလုပ်ငန်း စဉ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးအတွက် ကျေးရွာနေ စိုက်ပျိုးရေးလုပ်ငန်း ဝါသနာပါသူများအား ဖိတ်ခေါ်၍  စိုက်ပျိုးသီးနှံအလိုက် ပန်းတိုင်အထွက်နှုန်းရရှိရေး လိုက်နာဆောင်ရွက်ရမည့် အသိပညာပေး ခြင်းအား TOT စနစ်ဖြင့် သင်တန်းပေး၍ ကျေးရွာအတွင်း ပြန်လည်သင်ကြားနိုင်ရေး ဆောင်ရွက်နိုင်ရန် လိုအပ်သည်များ ပံ့ပိုးဖြည့်ဆည်း ဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်း၊ ပန်းတိုင်အထွက်နှုန်း မရရှိသည့် စိုက်ပျိုးမြေ အမျိုးအစားအလိုက် မျိုးပြောင်းလဲစိုက်ပျိုးသွားရမှာဖြစ်ကြောင်း၊ မြေပြင်ကွင်းဆင်း အသိပညာ ပေးခြင်းများ ဆောင်ရွက်ပေးသွားရမှာဖြစ်ပြီး တစ်နှစ်(၁)သီးသာ စိုက်ပျိုးနိုင်သည့်နေရာတွင် စားဖိုဆောင် သီးနှံ ထပ်မံစိုက်ပျိုးနိုင်ရေးအတွက် စိုက်ပျိုးရေရရှိရေး ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းနှင့် တိုင်းဒေသကြီးအတွင်း စိုက်ပျိုးရေး ကဏ္ဍဘက်စုံဖွံ့ဖြိုးတိုးတက်စေရေး အားလုံးဝိုင်းဝန်းအကြံပြု တင်ပြပေးစေလိုကြောင်း ပြောကြားခဲ့သည်။

          ထို့နောက် ခရိုင်/မြို့နယ်စိုက်ပျိုးရေးဦးစီးမှူးများက မြို့နယ်အလိုက် စိုက်ပျိုးသီးနှံများပေါ် သတ်မှတ် ထားသည့် ပန်းတိုင်ရည်မှန်းချက်ပြည့်မီစေရေး တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ပံ့ပိုးကူညီပေးမှုနှင့် လမ်းညွှန် ချက်များပေါ် အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးမှုများအား Power Point ဖြင့် ရှင်းလင်းတင်ပြခဲ့ရာ တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးမှူးက ထပ်မံဖြည့်စွက်ရှင်းလင်းတင်ပြခဲ့သည်။ ၎င်းနောက် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးနှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများက သက်ဆိုင်ရာကဏ္ဍအလိုက် အသီးသီး အကြံပြုတင်ပြခဲ့ကြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က မြို့နယ်တစ်ခုအလိုက် တင်ပြချက်များနှင့်ပတ်သက် ၍ လိုအပ်ချက်များ ဖြည့်စွက်လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။