Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ရေတာရှည်မြို့၊ တောင်သူလယ်သမား ဖွံ့ဖြိုးတိုးတက်ရေး သင်တန်း အမှတ်စဉ်(၁/၂၀၂၄) ဖွင့်ပွဲသို့ တက်ရောက်ချီးမြှင့်

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ရေတာရှည်မြို့၊ တောင်သူလယ်သမား ဖွံ့ဖြိုးတိုးတက်ရေး သင်တန်း အမှတ်စဉ်(၁/၂၀၂၄) ဖွင့်ပွဲသို့ တက်ရောက်ချီးမြှင့်

တောင်ငူ ဇွန် ၁၂

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများလိုက်ပါ လျက် ယမန်နေ့ မွန်းလွှဲပိုင်းက တောင်ငူခရိုင်၊ ရေတာရှည်မြို့၊ တောင်သူလယ်သမားဖွံ့ဖြိုး တိုးတက်ရေး သင်တန်း အမှတ်စဉ် (၁/၂၀၂၄) ဖွင့်ပွဲသို့ တက်ရောက်ချီးမြှင့်ခဲ့သည်။

ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက စိုက်ပျိုးသီးနှံအလိုက် ပန်းတိုင်အထွက်နှုန်း ရရှိရေး မျိုး၊ မြေ၊  ရေ၊ နည်း ပြုပြင်ပြောင်းလဲ ဆောင်ရွက်ပေးနိုင်ခဲ့မှုကြောင့် အချိန်တိုအတွင်း အဓိကသီးနှံ (၆)မျိုးနှင့်နွေစပါး ပန်းတိုင်အထွက်နှုန်း ရရှိခဲ့ပြီဖြစ်ကြောင်း၊ ယခင်တုန်းက စိုက်ပျိုးရေး အသိပညာပေးခြင်း သာ ဆောင်ရွက်နိုင်ခဲ့ပြီး ယခုအခါ စိုက်ပျိုးသီးနှံအလိုက် ပန်းတိုင်အထွက်နှုန်းရရှိရေးအပြင်  တောင်သူ လယ်သမားဖွံ့ဖြိုးတိုးတက်ရေးသင်တန်း အမှတ်စဉ်(၁/၂၀၂၄) စတင်ဖွင့်လှစ်နိုင်ခဲ့ပြီး သင်တန်းကျောင်း ရှိသည့် မြို့နယ်များတွင်လည်း ဆက်ဖွင့်လှစ်ပေးသွားမှာဖြစ်ကြောင်း၊ တောင်သူများအနေဖြင့် ဒေသနှင့် ကိုက်ညီသည့် အဓိကသီးနှံများအတွက် လက်တွေ့ဦးစားပေး သင်ကြားခြင်း၊ စိုက်ပျိုးရေးဆုရသည့် ဂုဏ်ထူးဆောင်လယ်သမားများမှ ကိုယ်တိုင်စိုက်ပျိုးအောင်မြင်မှုများ ရှင်းလင်းပြောကြားခြင်း၊ မိသားစု တစ်ဘက်တစ်လမ်းမှ ဝင်ငွေရရှိရေး မွေးမြူရေးလုပ်ငန်း အောင်မြင်နေသူများမှ မွေးမြူရေးဆိုင်ရာ သင်ကြား ခြင်း၊ ကွင်းဆင်းသရုပ်ပြခြင်းတို့ကို စနစ်တကျ သင်ကြားပေးသွားမည်ဖြစ်၍ တောင်သူများ၏ လယ်မြေများ ရွှေသီးနိုင်ရေး လေ့လာမှတ်သား သင်ယူကြစေလိုကြောင်း အမှာစကားပြောကြားခဲ့သည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများက ဒေသခံတောင်သူများ အတွက် YSR-1 မျိုးစပါးနှင့် သွင်းအားစုများအား ထောက်ပံ့ပေးအပ်ခဲ့သည်။ ၎င်းနောက် စိုက်ပျိုးရေးဆိုင်ရာ သင်တန်းအထောက်အကူပြုပစ္စည်းများ၊ သင်တန်းသား အိပ်ဆောင်များ၊ ထမင်းစားဆောင်များအား လှည့်လည်ကြည့်ရှုခဲ့သည်။

            အဆိုပါ တောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေးသင်တန်း အမှတ်စဉ်(၁/၂၀၂၄) အား (၃)ရက်ကြာ စိုက်ပျိုးသီးနှံအလိုက် ပန်းတိုင်အထွက်နှုန်းရရှိရေး၊ ဉယျာဉ်ခြံ ကိုင်းကူးကိုင်းဆက်နည်း၊ မြေစာရင်းဆိုင်ရာ သိမှတ်ဖွယ်ရာများ၊ ဆည်ရေအကျိုးရှိရှိ အသုံးချခြင်းဆိုင်ရာကိစ္စရပ်များ၊ လက်ဆွဲကောက်စိုက်စက် အသုံးပြုနည်းနှင့် ပျိုးထောင်မှုနည်းစနစ်များ၊ စိုက်ပျိုးမြေအား တန်ဖိုးရှိရှိ အသုံးချနည်းဆိုင်ရာကိစ္စရပ်များ၊ မျိုးကောင်းမျိုးသန့်ရွေးချယ်ခြင်း၊ မျိုးစေ့ရောဂါကာကွယ်ခြင်း၊ မွေးမြူရေးနှင့် ကုသရေးဆိုင်ရာသိမှတ်ဖွယ်ရာ များ၊ ငါးမွေးမြူရေးနှင့် ဒေသကြက်မွေးမြူခြင်း စသည့်ဘာသာရပ်များအား စာတွေ/ လက်တွေ့ သင်ကြား ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။