Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပြည်ခရိုင်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်း ကြည့်ရှုအားပေး

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပြည်ခရိုင်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်း ကြည့်ရှုအားပေး

ပြည် ဇွန် ၁၆

          ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ယမန်နေ့၊ မွန်းလွဲပိုင်းက ပြည်ခရိုင်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုအားပေးခဲ့သည်။

          ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ပြည်မြို့နယ်၊ ငါးရွာကျေးရွာအုပ်စု၌ တစ်ကွင်းတစ်ဆက်တည်း ဧက(၁၀၀)အား ပဲခူးမြို့ရှိ Agro Future Myanmar Co., Ltd နှင့် ပြည်မြို့ရှိ ရွှေဝါထွန်းကုမ္ပဏီတို့မှ ထုတ်လုပ်သည့် လက်ဆွဲကောက်စိုက်စက်(၂)မျိုးတို့၏ စက်စွမ်းအားဖြင့် မိုးစပါး သရုပ်ပြစိုက်ပျိုးနေမှုအား သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး ဒေသခံတောင်သူများနှင့်တွေ့ဆုံ၍ မိရိုးဖလာ စိုက်ပျိုးနည်းစနစ်မှ ခေတ်မီစိုက်ပျိုးနည်းစနစ် ပြောင်းလဲခြင်း၏ အကျိုးကျေးဇူးများအား ရှင်းလင်းပြော ကြားခဲ့သည်။

          ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရွှေတောင်မြို့ရှိ အမှတ်(၁)အထည်စက်ရုံ (ရွှေတောင်)သို့ သွားရောက်၍ စက်ရုံဝန်ထမ်းများအား တွေ့ဆုံအားပေးစကား ပြောကြားခဲ့သည်။ ၎င်းနောက် စက်ရုံတာဝန်ခံက စက်ရုံဆိုင်ရာ အချက်အလက်များအား ရှင်းလင်းတင်ပြခဲ့ပြီး စက်ရုံအတွင်း သဘာဝဓါတ်ငွေဖြင့် ဝါဖန်ခြင်း၊ ဗိုင်းတောင့်ပြုလုပ်ခြင်း၊ အပင်ပေါင်းခြင်း၊ တညင်းပြုလုပ်ခြင်း၊ ချည်ငင် ခြင်း၊ ချည်ကတော့ပြုလုပ်ခြင်း၊ ချည်ခင်ပြုလုပ်ခြင်း၊ (၁၀)ပေါင်ထုပ်လုပ်ခြင်း၊  ဘေထုတ်ခြင်း၊ အထည် ရက်လုပ်ခြင်း၊ ဆေးဆိုးခြင်းနှင့် အ‌ချောထည်ထုတ်လုပ်မှု လုပ်ငန်းစဉ်အဆင့်ဆင့်အား စက်ရုံအတွင်း လှည့်လည်ကြည့်ရှုခဲ့ပြီး လိုအပ်သည်များ တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။

          ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရွှေတောင်မြို့၊ ပရပိုက်တန်းရပ်ကွက်ရှိ ဧရာဝတီမြစ် ရေလမ်းကြောင်းကောင်းမွန်စေရေးနှင့် ကမ်းပြိုကာကွယ်ရေးလုပ်ငန်းအား ရောက်ရှိခဲ့ရာ ရှင်းလင်းဆောင်၌ တာဝန်ခံမှ စီမံကိန်းလုပ်ငန်းဆိုင်ရာအချက်အလက်များအား ရှင်းလင်းတင်ပြခဲ့သည်။ ၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ရေလမ်းကြောင်းကောင်းမွန်မှုရှိမှသာ ကမ်းပြိုခြင်းနှင့် စိုက်ပျိုးမြေ ဆုံးရှုံးမှုများ လျော့နည်းမှာဖြစ်ရာ သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ ဆောင်ရွက်သွားရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။

          ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပြည်ကွန်ပျူတာတက္ကသိုလ်သို့ သွားရောက်ခဲ့ ရာ အစည်းအဝေးခန်းမ၌ ပဲခူးတိုင်းဒေသကြီး(အနောက်ခြမ်း)အတွင်းရှိ ဘုရားစေတီပုထိုးများ၏ သမိုင်းကြောင်းအား အချိန်နှင့်တစ်ပြေးညီ သိရှိနိုင်ရေး Pagoda Digital Directory ဆောင်ရွက်နေမှု အခြေအနေအား ကွန်ပျူတာတက္ကသိုလ် ဒုတိယပါမောက္ခချုပ်မှ ရှင်းလင်းတင်ပြခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ် သည်များ ဖြည့်စွက်လမ်းညွှန်မှာကြားခဲ့ပြီး ထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်။ ၎င်းနောက် ကျောင်းသား/သူများ ပြုလုပ်ထားသည့် သရေခေတ္တရာပျူမြို့ဟောင်းနှင့် ဘုရားစေတီပုထိုး တော်ကြီးများအတွက် QR Code System ဆောင်ရွက်ပြီးစီးမှု၊ ဆင်ဆာသုံးလက်ဆေးစက်၊ Smart Car Parking ပုံစံငယ် တည်ဆောက်ထားရှိမှု၊ ပြည်မြို့ပြဆိုင်ရာ အချက်အလက်များအား လိုက်လံကြည့်ရှု အားပေးခဲ့သည်။

ဆက်လက်၍ ပန်းတောင်းမြို့နယ်၊ ကြို့ကုန်းကျေးရွာ၌ မိုးစပါးအား တပ်မတော်အကြီးစားစက်ရုံ (ဆင်တဲ)မှ ထုတ်လုပ်သည့် Drum Seeder နှင့် လက်ဆွဲကောက်စိုက်စက်ဖြင့် သရုပ်ပြစိုက်ပျိုးခြင်းတို့အား သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး ဒေသခံတောင်သူများနှင့်တွေ့ဆုံ၍ တစ်နှစ်(၂)သီးမှ (၃)သီး တိုးတက် စိုက်ပျိုးနိုင်ရန် တာဝန်ရှိသူများအား လမ်းညွှန်မှာ ကြားခဲ့သည်။ ၎င်းနောက် ဒေါင်းမြက်နားကျေးရွာ၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် အောင်မြင်စွာ မွေးမြူရေးလုပ်ငန်းဆောင်ရွက်နေသည့် ဦးစိုးပိုင်၏ အသားကြက်(၈၀၀၀)ကောင် မွေးမြူထားရှိမှုအား ကြည့်ရှုစစ်ဆေးခဲ့ပြီး ဒေသကြက်တိုးချဲ့မွေးမြူနိုင်ရေး တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။