ပဲခူး အောက်တိုဘာ ၂
ပဲခူးမြို့၊ ရွှေသာလျောင်းဘုရားရင်ပြင်တော်ပေါ်၌ အောက်တိုဘာလ(၂)ရက်နေ့၊ နံနက်ပိုင်းက ရွှေသာလျောင်းဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ ပါဒစေတီတော်အသစ် ပြန်လည်တည်ထားကိုးကွယ်နိုင်ရေး ပထမအကြိမ် အလှူတော်ငွေပေးအပ်ခြင်း မင်္ဂလာအခမ်းအနား ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ အခမ်းအနားအား “နမောတဿ” သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ ဖွင့်လှစ်ပေးခဲ့ကြ သည်။ ၎င်းနောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း အမှူးပြုသော စေတနာရှင်အလှူရှင်များက ပဲခူးမြို့၊ ကြခတ်ဝိုင်းပရိယတ္တိစာသင်တိုက်ကြီး၏ ဦးစီးပဓာန နာယက ဆရာတော် အဂ္ဂမစာပဏ္ဍိတ ဘဒ္ဒန္တ ဉေယျာဓမ္မာဘိဝံသ မထေရ်မြတ်ထံမှ ငါးပါးသီလခံယူဆောက်တည်ခဲ့ကြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပဲခူးမြို့၊ ကြခတ်ဝိုင်းပရိယတ္တိစာသင်တိုက်၏ ဦးစီးပဓာန နာယကဆရာတော်၊ သာသနာ့မဏ္ဍိုင်ပါဠိတက္ကသိုလ်ကျောင်းတိုက် ဦးစီးပဓာနနာယက ဆရာတော် နှင့် ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊ ပါဠိတက္ကသိုလ်ညောင်တုန်းကျောင်းတိုက် ပဓာနနာယက လှရတနာဆရာတော် တို့ သင်္ကန်းအစရှိသော လှူဖွယ်ဝတ္တုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့သည်။ ၎င်းနောက် တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင် ဝန်ကြီးများနှင့် အလှူရှင်များက ကြွရောက်လာသည့် ဆရာတော်/သံဃာတော်များ သင်္ကန်းနှင့် လှူဖွယ်ဝတ္တုပစ္စည်းများ အသီးသီး ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
ယင်းနောက် ပဲခူးမြို့၊ ရွှေသာလျောင်းဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ ပါဒစေတီတော်အသစ် ပြန်လည် တည်ထားကိုးကွယ်နိုင်ရေးအတွက် လှရတနာဆရာတော်ကိုယ်စား တပည့်ဒါယိကာတစ်ဦးမှ အလှူငွေကျပ်
(၁၀၈)သိန်း၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်မှ အလှူငွေကျပ်သိန်း(၁၀၀)နှင့် လှရတနာ ဆရာတော်ကြီး၏ တပည့်ဒါယကာဒါယိကာမများ၊ ပဲခူးမြို့မှ အလှူရှင်များက အလှူငွေများ အသီးသီး ဆက်ကပ်လှူဒါန်းခဲ့ရာ အလှူရှင်များအား ရွှေသာလျောင်းဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ပုံတော်အား ပြန်လည် ပေးအပ်ခဲ့ကြသည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီးသံဃနာယက ဥက္ကဋ္ဌ ဆရာတော် ဘဒ္ဒန္တ အဂ္ဂသာမိ အရှင်သူမြတ် က ဝမ်းမြောက်စကားမြွတ်ကြားခဲ့ပြီး ကြွရောက်လာသည့် ဆရာတော်သံဃာတော်အရှင်သူမြတ်များက မေတ္တာပို့ ဆုတောင်း ဂါထာတော်များ ရွတ်ပွားသရဇ္ဈယ်တော်မူခဲ့ကြသည်။ ၎င်းနောက် ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊ ပါဠိတက္ကသိုလ်ညောင်တုန်းကျောင်းတိုက် ပဓာနနာယက လှရတနာဆရာတော် အရှင်သူမြတ်က အနုမောဒနာတရားဟောကြားချီးမြှင့်ပေးခဲ့ပြီး လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းလောင်း အမျှအတမ်းပေး ဝေခဲ့ကြကာ ဗုဒ္ဓသာသနံ စိရံ တိဋ္ဌိတု ၃ ကြိမ်ရွတ်ဆိုဆုတောင်း၍ အခမ်းအနားအား အောင်မြင်စွာ ရုပ်သိမ်း ခဲ့ကြသည်။
ပဲခူးမြို့၊ ရွှေသာလျောင်းဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ ပါဒစေတီတော်အသစ် ပြန်လည်တည်ထား ကိုးကွယ်နိုင်ရေးအတွက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊ ပါဠိတက္ကသိုလ် ညောင်တုန်းကျောင်းတိုက် ပဓာနနာယက လှရတနာဆရာတော်အရှင်သူမြတ်၊ စေတနာရှင်အလှူရှင်များမှ ပထမအကြိမ်အဖြစ် အလှူတော်ငွေ ၂၅၁၂ သိန်း ၅ သောင်းနှင့် ယွမ် ၂၀၀၀ တို့အား ဆက်ကပ်လှူဒါန်းပေးခဲ့ ကြောင်း သိရှိရသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ပဲခူးမြို့၊ မဇင်းရပ်ကွက်ရှိ သပြေကုန်းဘိုးဘွားရိပ်သာ သို့သွားရောက်ခဲ့ပြီး အဘိုးအိပ်ဆောင်အဆင့်မြှင့်တင်ဆောင်ရွက်ပြီးစီးမှုနှင့် အာဟာရဆောင် ပြန်လည်ပြင်ဆင် နေမှုတို့အား ကြည့်ရှုစစ်ဆေးခဲ့ပြီး အဘိုးအဘွားများ အာဟာရပြည့်စုံမှုရှိစေရေး၊ ဆေးဝါးနှင့် ကျန်းမာရေး ဆိုင်ရာစစ်ဆေးကုသခြင်းများ ပြည့်စုံမှုရှိစေရေး တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။