ပဲခူး အောက်တိုဘာ ၂၅

ကျန်းမာရေးဝန်ကြီးဌာနနှင့် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့တို့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ပဲခူးမြို့၊ ခုတင်(၅၀၀)ဆံ့ အထွေထွေရောဂါကုဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီးများ ပါဝင်သော ကျန်းမာရေးဝန်ထမ်း များသည် အောက်တိုဘာလ (၂၅)ရက်နေ့ နံနက်ပိုင်းက ပဲခူးမြို့နယ်၊ ဘုရားကြီးမြို့ တိုက်နယ်ပြည်သူ့ဆေးရုံ သို့သွားရောက်၍ ရဟန်း၊ရှင်၊လူ ပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှု ကွင်းဆင်းဆောင်ရွက်ပေးကြရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီးဒေါ်စိုးစိုးသက်တို့ သွားရောက်ကြည့်ရှု အားပေးခဲ့သည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာဇော်မင်းထွန်း၊ ပဲခူးမြို့၊ ခုတင်(၅၀၀)ဆံ့ အထွေထွေရောဂါကု ဆေးရုံအုပ်ကြီး ဒေါက်တာဇော်လွင်၊ ဒုတိယဆေးရုံအုပ်ကြီး ဒေါက်တာသန္တာဆွေ၊ ပဲခူးခရိုင်/မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများနှင့်အတူ ဆေးကုသမှုလာ ရောက်ခံယူကြသည့် ပြည်သူများအား အားပေးစကားပြောကြားကာ အထူးကုဆရာဝန်ကြီးများက ဘာသာရပ်အလိုက် ဆေးကုသပေးနေမှု့အား လိုက်လံကြည့်ရှုအားပေးပြီး လိုအပ်သည်များဖြည့်ဆည်းဆောင် ရွက်ပေးခဲ့သည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဇနီးတို့သည် ဆေးကုသမှုလာရောက်ခံယူကြသူများအား နေ့လည်စာထမင်းဗူးနှင့် ရေသန့်တို့အား ပေးအပ်ခဲ့ပြီး အထူးကုဆရာဝန်ကြီးများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် ကူညီဆောင်ရွက်ခဲ့ကြသည့် ပရဟိတအဖွဲ့များအား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့သည်။
အထူးကုဆရာဝန်ကြီးများက ကျန်းမာရေးစောင့်ရှောက်မှုများ ကွင်းဆင်းဆောင်ရွက်ပြုလုပ်ပေးရာတွင် ပဲခူးမြို့ ခုတင်(၅၀၀)ဆံ့အထွေထွေရောဂါကုဆေးရုံကြီးမှ ဖျားနာရောဂါ၊ ကလေး၊ ခွဲစိတ်၊ သားဖွား မီးယပ်၊ မျက်စိ၊ သွားနှင့်ခံတွင်း၊ အရိုးအကြော၊ အရေပြား၊ ဓာတ်မှန်၊ နားနှာခေါင်းလည်ချောင်း၊ စိတ်ကျန်းမာစသည့် ဘာသာရပ်(၁၁)ခုမှ အထူးကုဆရာဝန်ကြီးများနှင့် ကျန်းမာရေးဝန်ထမ်းများက ကုသရေးဦးစီးဌာန၏ မူဝါဒများ၊ ရည်မှန်းချက်များဖြစ်သည့် ကျန်းမာရေးစောင့်ရှောက်မှုအခြေအနေ လွှမ်းခြုံမှုတိုးတက်ရေး ပြည်သူ့ ဆေးရုံများ၏ ကုသမှုအရည်အသွေးမြင့်မားရေးနှင့်အညီ ဆေးရုံအခြေပြုကုသရေးလုပ်ငန်းများ တိုးချဲ့ကာ ကျေးလက်ဒေသအထိ ကွင်းဆင်းဆေးကုသမှုဆောင်ရွက်ပေးကြခြင်းဖြစ်ပြီး ဘုရားကြီးမြို့တိုက်နယ်ဆေးရုံ နယ်မြေအတွင်းရှိ ကျေးရွာများမှ ရဟန်း၊ ရှင်၊ လူ ပြည်သူစုစုပေါင်း (၅၀၀)ဦးကျော်လာရောက်ပြသကြရာ အသေးစားခွဲစိတ်ကုသမှု လူနာ(၂)ယောက်အား အဆိုပါဆေးရုံ၌ ခွဲစိတ်ကုသမှုဆောင်ရွက်ခဲ့ပြီး ပဲခူး ဆေးရုံကြီးတွင် ဆက်လက်ကုသရန်လူနာ(၉၅)ဦးအား လွှဲပြောင်းစေလွှတ်ပေးနိုင်ခဲ့ကြောင်း သိရှိရသည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ပဲခူးမြို့နယ်၊ ကျိုက်ဒေးယုံကျေးရွာသို့ ရောက်ရှိခဲ့ပြီး အခြေခံပညာအလယ်တန်းကျောင်းခွဲ၌ ကျောင်းဆရာ/ဆရာမများ၊ ရပ်မိ/ရပ်ဖများ၊ ကျောင်းသားမိဖများနှင့် တွေ့ဆုံ၍ ကလေးငယ်များ၏ အနာဂတ်ပညာရေးကောင်းမွန်စေရေး၊ တန်းစဉ်ကူးပြောင်းမှု တိုးတက်စေရေး နှင့် KG+9 ပြီးဆုံးပါက အသက်မွေးပညာသင်တန်းကျောင်းဖြစ်သည့် စက်မှု၊ စိုက်ပျိုးရေးနှင့် မွေးမြူရေး အထက်တန်းကျောင်းသို့ ဆက်လက်တက်ရောက်ပညာသင်ကြားနိုင်ရေး လမ်းညွှန်ပြောကြားခဲ့ပြီး ဂုဏ်ပြု ချီးမြှင့်ငွေများ ပေးအပ်ခဲ့ရာ ကျောင်းအတွက် လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။ ၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ပဲခူးမြို့၊ ရွှေအောင်ရွေးစေတီတော်သို့ ရောက်ရှိခဲ့ပြီး စေတီတော်မြတ်ကြီး၏ တည်ထားရာကုန်းတော် ရေရှည်တည်တံ့ခိုင်မြဲစေရေး ဆောင်ရွက်နေမှုနှင့် ဓါတ်လှေခါးအသစ် တပ်ဆင်နိုင် ရေး ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ ကြောင်း သတင်းရရှိသည်။
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ Bago Region Government – Official Website