ပဲခူး ဧပြီ ၁၄
ပဲခူးမြို့၌ နှစ်စဉ်သင်္ကြန်ပွဲတော်အား စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သော်လည်း မတ်လ(၂၈)ရက်နေ့ တွင် လှုပ်ခတ်ခဲ့သည့် မန္တလေးမြေငလျင်ကြီးကြောင့် ယခုနှစ်တွင် အပျော်အပါး၊ သီဆိုကခုန်မှုများမပါဘဲ မြန်မာ့ရိုးရာယဉ်ကျေးမှုနှင့်အညီ အေးချမ်းသာယာသောသင်္ကြန်(အေးသင်္ကြန်)ပွဲတော်အား ရွှေမော်ဓော ဘုရားလမ်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ပဲခူးမြို့၌ ယမန်နေ့ နံနက်ပိုင်းက တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဇနီးတို့က ပဲခူးမြို့၊ ရွှေမော်ဓောဘုရားလမ်း၌ ကျင်းပပြုလုပ်သည့် လမ်းလျှောက်သင်္ကြန် ပွဲတော် ရေအေးသင်္ကြန်ကျင်းပနေမှုနှင့် စတုဒီသာမဏ္ဍပ်များနှင့် မြန်မာ့ရိုးရာယဉ်ကျေးမှုသနပ်ခါးပွဲတော် မဏ္ဍပ်များအား သွားရောက်ကြည့်ရှု အားပေးခဲ့သည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဇနီးတို့က မြန်မာ့ရိုးရာ ယဉ်ကျေးမှုနှင့်အညီ သပြေခတ်နှင့်ရေပက်ဖျန်းပြီး အေးချမ်းသာယာသောသင်္ကြန်(အေးသင်္ကြန်)ပွဲတော်အား ပါဝင်ဆင်နွဲခဲ့ကြသည်။ ၎င်းနော က် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဇနီးတို့သည် ဌာနဆိုင်ရာများနှင့် အလှူရှင် များ၏ စတုဒီသာမဏ္ဍပ်များအား သွားရောက်ကြည့်ရှုအားပေးခဲ့ကြသည်။
ပဲခူးမြို့၌ ကျင်းပပြုလုပ်သည့် အေးချမ်းသာယာသောသင်္ကြန်(အေးသင်္ကြန်)ပွဲတော်၊ လမ်းလျှောက် သင်္ကြန်တွင် ယူနက်စကို၏ လူသားမျိုးနွယ်ကိုယ်စားပြု ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်စာရင်းဝင်အဖြစ် သတ်မှတ်ခံရသည်ကို အသိအမှတ်ပြုအနေဖြင့် ဂုဏ်ပြုကျင်းပခြင်းဖြစ်ပြီး ကဏ္ဍများအနေဖြင့် မြန်မာ့ သနပ်ခါးယဉ်ကျေးမှုဓလေ့အား လူသားမျိုးနွယ်ယဉ်ကိုယ်စားပြု ဒြပ်မဲ့ယဉ်ကျေးမှု အမေွအနှစ်အဖြစ် စာရင်းဝင်နိုင်ရန် ကြိုးပမ်းဆောင်ရွက်နေမှုကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် မြန်မာ့သနပ်ခါးအလှလိမ်းခြယ် သရုပ်ဖော်ခြင်းအပြင် နေ့စဉ် မနက်၊ နေ့လည် သင်္ကြန်ထမင်း၊ ကြာဇံကျော်၊ မုန့်လုံးရေပေါ်၊ သာကူ၊ မုန့်လက်ဆောင်းစသည့် မြန်မာ့ရိုးရာမုန့်မျိုးစုံ၊ အအေးမျိုးစုံ ကျွေးမွေးခြင်းတို့အား မြန်မာ့ရိုးရာသင်္ကြန် အစဉ်အလာနှင့်အညီ သပြေခက်ဖြင့်ရေပက်ကစားခြင်း ကဏ္ဍများသာပါဝင်ကြောင်းနှင့် ရပ်ကွက်/ကျေးရွာ များတွင်လည်း အေးချမ်းသာယာသောသင်္ကြန်(အေးသင်္ကြန်)အား မြန်မာ့ရိုးရာယဉ်ကျေးမှုနှင့်အညီ ကျင်းပ၍ စတုဒီသာကျွေးမွေးခြင်းများ နေ့စဉ်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။