Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးမြို့၌ သဘာဝငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနား ကျင်းပပြုလုပ်

ပဲခူးမြို့၌ သဘာဝငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနား ကျင်းပပြုလုပ်

ပဲခူး အောက်တိုဘာ ၂၅

          ပဲခူးမြို့၊ ရန်ကင်းသာပန်းခြံအနီးရှိ ဟံသာဝတီရှေးဟောင်းကျုံး သဘာဝရေပြင်အတွင်းသို့ တိုင်းရင်းငါး မျိုး စိုက်ထည့်ခြင်းအခမ်းအနားအား အောက်တိုဘာလ(၂၅)ရက်နေ့၊ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်တို့ တက်ရောက်ခဲ့ကြသည်။

          ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်တို့က ဟံသာဝတီ ရှေးဟောင်းကျုံး သဘာဝရေပြင်အတွင်းသို့ တိုင်းရင်းငါးမျိုး စတင်စိုက်ထည့်ပေးခဲ့သည်။ ၎င်းနောက် အစိုးရ အဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက တိုင်းရင်းငါးမျိုးများ စုပေါင်းညီညာ စွာ စိုက်ထည့်ပေးခဲ့ကြသည်။

          ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် ဟံသာဝတီရှေးဟောင်းကျုံး ရေပြင်အတွင်းသို့ ငါးခုံးမအကြီး၊ ငါးမြစ်ချင်း၊ ငါးပြေမ၊ ငါးခူ၊ ငါးကျည်းနှင့် ငါးဖမ်းမ စုစုပေါင်းကောင်ရေ(၃)သိန်းအား စိုက်ထည့် ပေးခဲ့ခြင်းဖြစ်ပြီး တိုင်းရင်းငါးမျိုးများ ပြုန်းတီးမှုမရှိစေရေး၊ သဘာဝနည်းလမ်းအတိုင်း ရှင်သန်ပေါက်ဖွား နိုင်စေရေး၊ ရေနေသတ္တဝါများ၏ ဇီဝစနစ် ပြန်လည်ရှင်သန်စေနိုင်ခြင်းနှင့် ရှေးဟောင်းကျုံး ရေရှည်တည်တံ့ စေရေးစသည့် အကျိုးကျေးဇူးများ ရရှိနိုင်မည်ဖြစ်ကြောင်း သတင်းရရှိသည်။