ပဲခူး နိုဝင်ဘာ ၂၉
==================
ပဲခူးမြို့၊ မြို့တော်ခန်းမ၌ နိုဝင်ဘာလ(၂၈)ရက်နေ့ နံနက်ပိုင်းအချိန်က အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆)ရက်တာလှုပ်ရှားမှု အခမ်းအနား ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်တို့ တက်ရောက်ချီးမြှင့်ခဲ့သည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက နိုဝင်ဘာလ(၂၅)ရက်နေ့ကို အပြည်ပြည် ဆိုင်ရာအမျိုးသမီးများအပေါ် အကြမ်းဖက်မှုများပပျောက်ရေးနေ့အဖြစ် သတ်မှတ်ထားရှိပြီး နိုဝင်ဘာလ (၂၅)ရက်နေ့မှ ဒီဇင်ဘာလ(၁၀)ရက်နေ့အထိကို အပြည်ပြည်ဆိုင်ရာအမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေး(၁၆)ရက်တာ လှုပ်ရှားမှုအထိမ်းအမှတ်အဖြစ် သတ်မှတ်ထားရှိခြင်းကြောင့် ပဲခူးတိုင်းဒေသကြီး တွင် တိုင်းဒေသကြီးအဆင့် အခမ်းအနားကို နှစ်စဉ်ကျင်းပပြုလုပ်ခဲ့ကြောင်း၊ အကြိုလှုပ်ရှားမှုအဖြစ် လူစည်ကားရာနေရာများတွင် အသိပညာပေးဆိုင်းဘုတ်များစိုက်ထူခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေ ခြင်းများကို ဖွဲ့စည်းထားသည့် အမျိုးသမီးကော်မတီများက ပူးပေါင်းဆောင်ရွက်ခဲ့သလို အမျိုးသမီးဖွံ့ဖြိုး တိုးတက်ရေးနှင့် ကာကွယ်စောင့်ရှောက်ရေးကဏ္ဍများကိုလည်း အကောင်အထည်ဖော် ဆောင်ရွက်ပေး လျက်ရှိကြောင်း၊ ကျား၊မအခြေပြု အကြမ်းဖက်မှုမှ ကာကွယ်စောင့်ရှောက်နိုင်ရေးအတွက် (၂၄)နာရီ ဝန်ဆောင်မှုများ ဆောင်ရွက်ပေးနေသလို ၂၀၂၂ ခုနှစ်မှစ၍ မည်သည့်ဖုန်းဖြင့်မဆို ၁၅၆၆ သို့ အခမဲ့ သတင်းပေးပို့ တိုင်ကြားနိုင်သည့်စနစ်တို့ကို တိုးချဲ့ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း၊ ယခုနှစ်ဆောင်ပုဒ်သည် “အမျိုးသမီးများ အပေါ် အကြမ်းဖက်မှုကာကွယ်ရေး ပေါင်းစုရင်းနှီးမြှုပ်နှံပေး”ဖြစ်ပြီး နိုင်ငံတော်အနေဖြင့် အမျိုးသမီးများ အပေါ် နည်းမျိုးစုံဖြင့် အကြမ်းဖက်မှုမှကာကွယ်ရန်နှင့် တုံ့ပြန်မှုများဆောင်ရွက်ရန်အတွက် အသိပညာပေး ခြင်းအပြင် ဘတ်ဂျက်နှင့်မူဝါဒများ ချမှတ်ဆောင်ရွက်ခြင်း၊ သုတေသနပြုခြင်း၊ စစ်တမ်း ကောက်ယူခြင်း၊ လုပ်ငန်းအကောင်အထည်ဖော်ခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံတော်၏ အင်အားစုတစ်ရပ်ဖြစ်သည့် အမျိုးသမီးများ၏ အခန်းကဏ္ဍကိုမြှင့်တင်ပေးခြင်း၊ အမျိုးသမီးများ/အမျိုး သမီးငယ် အရွယ်များအား အကြမ်းဖက်မှုမှ ကာကွယ်စောင့်ရှောက်ပေးခြင်းတို့သည် အမျိုးသမီးများ၏ အခွင့်အရေးအပြည့်အဝရရှိစေရန် ဖြည့်ဆည်းပေးနေခြင်းဖြစ်ပြီး နိုင်ငံတော်၏ ဖွံဖြိုးတိုးတက်မှုလုပ်ငန်း စဉ်များမှာ အထောက်အကူပြုနိုင်မှာဖြစ်ကြောင်းနှင့် တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် အမျိုးသမီး ကော်မတီဝင်များအနေဖြင့် အရပ်ဖက်လူမှုအဖွဲ့အစည်းများနှင့်ပူးပေါင်းပြီး အမျိုးသမီးများအပေါ် နည်းမျိုးစုံ ဖြင့် အကြမ်းဖက်မှုများ ပပျောက်အောင် အရှိန်အဟုန်တိုးမြှင့်ဆောင်ရွက်သွားကြရန် အမှာစကား ပြောကြားသည်။
ထို့နောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ် အမျိုးသမီးကော်မတီဝင်များ၊ လူမှုရေးအသင်းအဖွဲ့များမှ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး အသိပညာပေး Video အားကြည့်ရှု့အားပေးခဲ့ကြပြီး အမှတ်တရစုပေါင်း မှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးခဲ့ ကြကြောင်း သတင်းရရှိသည်။