ပဲခူး ဇန်နဝါရီ ၃
ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ဇန်နဝါရီလ(၃)ရက်နေ့ နံနက်ပိုင်းက ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပဲခူးတိုင်းဒေသကြီး ပညာရေးစုံညီပွဲတော် ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ချီးမြှင့်ခဲ့သည်။
ရှေးဦးစွာ ပဲခူးမြို့၊ မြို့တော်ခန်းမရှေ့၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပဲခူးတိုင်းဒေသကြီး ပညာရေးစုံညီပွဲတော်မုခ်ဦးအား တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် အစိုးရအဖွဲ့ တာဝန်ရှိသူ များက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြပြီး ကျောင်းသား/သူများ၏ ဘင်ခရာနှင့် ပန်းပွားအကအဖွဲ့များအား လှည့်လည်ကြည့်ရှုအားပေးခဲ့သည်။
ထို့နောက် ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ပဲခူးတိုင်းဒေသကြီး ပညာရေးစုံညီပွဲတော်အား ဆက်လက် ကျင်းပပြုလုပ်ရာ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/ကျောင်းသူများက “ အချိန်၏ တန်ဖိုး” သီချင်းဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက “ပညာရေးဖြင့် ခေတ်မီဖွံ့ဖြိုးတိုးတက် သော နိုင်ငံတော်ကြီးတည်ဆောက်အံ့” ဟူသည့် ပညာရေးဆောင်ပုဒ်နှင့်အညီ အနာဂတ်နိုင်ငံတော် ပညာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်လှပစေဖို့၊ ဆရာ/ဆရာမများ၊ ကျောင်းသားကျောင်းသူများ နှီးနွယ်ဌာန ဆိုင်ရာများ၊ အဖွဲ့အစည်းများက တာဝန်သိသိ၊ သစ္စာရှိရှိဖြင့် ကြိုးပမ်းအားထုတ်ကြစေလိုကြောင်း အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ တရားလွှတ်တော် တရားသူကြီးချုပ်နှင့် အစိုးရအဖွဲ့ တာဝန်ရှိသူများက ဗဟိုအဆင့် စာပေ၊ ဂီတ၊ အနုပညာ ပြိုင်ပွဲများတွင် ဆုရရှိခဲ့ကြသူများအား ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ထို့နောက် အမှတ်(၂)အခြေခံပညာကျောင်း ကျောင်းသား/သူများက “ချင်းရိုးရာအက” ဖြင့်လည်း ကောင်း၊ အမှတ်(၃) အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းသား/သူများက “မြန်မာမလေးပါရှင့်” သီချင်းဖြင့်လည်းကောင်း၊ အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်း(မြို့အနောက်“ခ”)မှ ကျောင်းသား /သူများက“လောကအားမာန်” သီချင်းဖြင့်လည်းကောင်း အသီးသီးဖျော်ဖြေတင်ဆက်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ကပြဖျော်ဖြေတင်ဆက်ခဲ့ကြသည့် အကအဖွဲ့များ၊ ဘင်ခရာအဖွဲ့များအား ဂုဏ်ပြုငွေများပေး အပ်ခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တရားသူကြီးချုပ်နှင့် အစိုးရအဖွဲ့ တာဝန်ရှိသူများတို့သည် ကျောင်းသား/ကျောင်းသူများ၏ ပဲခူးခရိုင်၊ ညောင်လေးပင်ခရိုင်၊ တောင်ငူခရိုင်၊ ပြည်ခရိုင်၊ နတ်တလင်း ခရိုင်နှင့် သာယာဝတီခရိုင်တို့မှ ဘာသာရပ်အလိုက် လက်တွေ့သရုပ်ပြသမှု ပညာရေးပြခန်းများ၊ ဒေသ ထွက်ကုန်ပြခန်းများအား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်း သိရှိရသည်။