Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးမြို့၌ ၂၀၂၅ ခုနှစ်၊ စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ပထမ အကြိမ် အခမ်းအနား ကျင်းပပြုလုပ်

ပဲခူးမြို့၌ ၂၀၂၅ ခုနှစ်၊ စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ပထမ အကြိမ် အခမ်းအနား ကျင်းပပြုလုပ်

ပဲခူး ဇူလိုင် ၂၁

          ပဲခူးမြို့၊ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း၌ စာကြည့်တိုက်ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး အခမ်းအနားအား ဇူလိုင်လ(၂၁)ရက်နေ့၊ နံနက်ပိုင်းက ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီးဒေါ်စိုးစိုးသက်တို့ တက်ရောက်ချီးမြှင့်ခဲ့သည်။

          ရှေးဦးစွာ ပဲခူးမြို့၊ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း၌ စာကြည့်တိုက်ဖွံ့ဖြိုး တိုးတက် ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး အခမ်းအနားအား တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် အစိုးရ အဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြပြီး ဘင်ခရာအဖွဲ့နှင့် ပန်းပွားအက အဖွဲ့တို့အား ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခဲ့သည်။ ၎င်းနောက် ကျောင်းသား /ကျောင်းသူများက “ပညာ ဘဏ်တိုက် စာကြည့်တိုက်သို့သွားကြစို့”သီချင်းဖြင့် သီဆိုဖျော်ဖြေတင်ဆက်ခဲ့ကြသည်။

          ယင်းနောက် ပဲခူးတိုင်းဒေသကြီးစာကြည့်တိုက်များကြီးကြပ်ရေးကော်မတီ နာယက၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ၂၀၂၄ ခုနှစ်တွင် စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန် မြှင့်တင်ရေးပွဲတော်များကို အခြေခံပညာကျောင်း များကို အခြေပြုပြီး (၁၄)ကြိမ် ကျင်းပပေးနိုင်ခဲ့ပြီး ၂၀၂၅ ခုနှစ်တွင် (၁၀)ကြိမ် ကျင်းပသွားရန် ရည်မှန်း ထားပြီး အမှတ်(၃)အခြေခံပညာကျောင်းတွင် ၂၀၂၅ ခုနှစ်၏ ပထမဆုံးအကြိမ်  စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ကျင်းပရခြင်း ဖြစ်ကြောင်း၊ စာအုပ်စာပေဖတ်ရှုမှုသည် မိမိတို့၏ဘဝကို အကျိုးပြုနိုင်သည့်အတွက် လူမှုဘဝဖွံ့ဖြိုး တိုးတက်ရေး အထောက်အကူဖြစ်စေနိုင်သည့် စာကောင်းပေမွန်များကို ရွေးချယ်ဖတ်ရှုရန် လိုအပ်မှာ ဖြစ်ကြောင်း၊ စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပြည်သူ့စာကြည့်တိုက်များနှင့် ကျောင်းစာကြည့်တိုက်များ ရေရှည်တည်တံ့ဖွံ့ဖြိုးတိုးတက်ရေးအပြင် စာကြည့်တိုက်မရှိသေးသည့် ကျေးရွာများမှာ စာကြည့်တိုက်များ အသစ်တည်ဆောက်ပေးခြင်း၊ ပြုပြင်မွမ်းမံပေးခြင်းများကို ဆောင်ရွက် ပေးသွားရမှာဖြစ်ကြောင်း၊ ဒါမှသာ စာကြည့်တိုက်များတွင် ပြည်သူများအပြင် ကျောင်းသား/သူများ အသိပညာ၊ အတတ်ပညာစတဲ့ ဗဟုသုတများကို အလွယ်တကူ ဆည်းပူးလေ့လာနိုင်မှာဖြစ်ကြောင်း၊ အခြေခံပညာကျောင်းများတွင် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် စာကြည့်တိုက်များ ဖွင့်လှစ်ပေးခြင်းအား ဖြင့် ကျောင်းသား/သူများ စာဖတ်သည့် အလေ့အထကောင်းများ ရရှိစေရန်နှင့် ကျောင်းသား/သူများ အနေဖြင့် ကျောင်းစာများကို ကြိုးစားလေ့လာသင်ယူရင်း ဗဟုသုတရဖို့ စာပေများကို ဖတ်ရှု့လေ့လာ ကြစေလိုကြောင်း ပြောကြားခဲ့သည်။

          ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပဲခူးမြို့နယ်အတွင်းရှိ အခြေခံပညာ ကျောင်းများအတွက် သုတ/ရသ စာအုပ်စာစောင်များကိုလည်းကောင်း၊ စာဖတ်ရှိန်မြှင့်တင်ရေး အခမ်း အနား၌ အသိပညာဗဟုသုတများရရှိစေရေး ဟောပြောပေးမည့် စာရေးဆရာကြီးနှင့်ဆရာမကြီးများ၊ စာအုပ်အလှူရှင်များအား ဂုဏ်ပြုလက်ဆောင်နှင့် ဂုဏ်ပြုမှတ်တမ်းများကိုလည်းကောင်း အသီးသီးပေး အပ်ချီးမြှင့်ခဲ့သည်။ ၎င်းနောက် အခြေခံပညာအထက်တန်းအဆင့် ကျောင်းသူတစ်ဦးက ကျပန်းစကား ပြောခြင်းနှင့် အခြေခံပညာမူလတန်းအဆင့် ကျောင်းသူတစ်ဦးက ပုံပြောပြိုင်ပွဲဝင်ခြင်းတို့အား သရုပ်ပြ ဖျော်ဖြေတင်ဆက်ခဲ့ကြပြီး အမှတ်(၂)အခြေခံပညာကျောင်းသား/သူများက ဇာတိမာန်သီချင်းဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြသည်။ ၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဇနီးတို့က သီဆို၊ ကပြဖျော်ဖြေ တင်ဆက်ခဲ့ကြသည့် ကျောင်းသား/ သူများအား ဂုဏ်ပြုငွေများ ချီးမြှင့်ပေးအပ်ခဲ့သည်။

          ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဇနီး၊ တာဝန်ရှိသူများသည် ပဲခူးမြို့၊ အမှတ်(၃) အခြေခံပညာ အထက်တန်းကျောင်း၌ ကျင်းပပြုလုပ်လျက်ရှိသော ကာယ၊ ဉာဏပြိုင်ပွဲများ၊ ပညာရေး ဆိုင်ရာအသိပညာပေး ပြခန်းများ၊ ဌာနဆိုင်ရာပြခန်းများ၊ ကျောင်းစာကြည်တိုက်နှင့် သုတ/ရသ စာအုပ် အရောင်းဆိုင်များအား လှည့်လည်ကြည့်ရှု အားပေးခဲ့ပြီး ပါဝင်ဆင်နွှဲခဲ့သည့် ကျောင်းသား/သူများအား စာရေးကိရိယာများ၊ မုန့်များ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။