Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးမြို့၌ ၂၀၂၅-၂၀၂၆ ခုနှစ် ပညာရေးစုံညီပွဲတော် ကျင်းပပြုလုပ်

ပဲခူးမြို့၌ ၂၀၂၅-၂၀၂၆ ခုနှစ် ပညာရေးစုံညီပွဲတော် ကျင်းပပြုလုပ်

ပဲခူး ဇန်နဝါရီ ၇

          ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ဇန်နဝါရီလ(၇)ရက်နေ့၊ နံနက်ပိုင်းက ၂၀၂၅-၂၀၂၆ ခုနှစ် ပညာရေး စုံညီပွဲတော်အခမ်းအနားကျင်းပပြုလုပ်ခဲ့ရာ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းနှင့် ဇနီးဒေါ်စိုးစိုးသက် တို့ တက်ရောက်ခဲ့ကြသည်။

          ရှေးဦးစွာ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ပညာရေးစုံညီပွဲတော် အခမ်းအနားအား ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ညီလျန်းချိုနှင့် လူမှုရေးရာဝန်ကြီး ဦးမျိုးအောင်တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြသည်။

          ထို့နောက် အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/သူများက”စုံညီပွဲတော် ဒို့နွဲပျော်” တေးသီချင်း ဖြင့် သီဆိုကပြ ဖျော်ဖြေတင်ဆက်ခဲ့ကြသည်။

          ယင်းနောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက နိုင်ငံတစ်ခု ဒေသတစ်ခု ဖွံ့ဖြိုး တိုးတက်ဖို့ ပညာရေးကဏ္ဍသည် အလွန်အရေးကြီးပြီး ကျောင်းသား/သူများကို တီထွင်ဖန်တီးတတ်သူများ၊ တာဝန်ယူ တာဝန်ခံတတ်သူများ၊ ပူးပေါင်းဆောင်ရွက်တတ်သူများ၊ ပြည်သူ့နီတိကို နားလည်ပြီး ဘဝတွင် ကြုံတွေ့လာ နိုင်သည့် အခက်အခဲများကို ဖြေရှင်းနိုင်သော အရည်အသွေးပြည့်ဝသည့် လူချွန်လူကောင်းများ ဖြစ်စေရေး ဝိုင်းဝန်းပြုစု ပျိုးထောင်ပေးသွားရမှာဖြစ်ကြောင်း၊ ကျောင်းနေအရွယ်ကလေးတိုင်းစာသင်ကျောင်း ရောက်ရှိစေရေးနှင့်  KG +9 အခမဲ့ပညာရေးစနစ်ဖြင့် ကျောင်းနေနိုင်ရေး ဆောင်ရွက်ပေးလျက်ရှိသလို အခက်အခဲအမျိုးမျိုးကြောင့် စာသင်ကျောင်းသို့ မလာရောက်နိုင်သည့် ကလေးများအတွက် ၂၀၂၄ – ၂၀၂၅ ခုနှစ်မှစ၍ ကျောင်းပြင်ပညာသင်ကြားရေးစနစ်ကို အကောင် အထည်ဖော်ပေးနိုင်ခဲ့ကြောင်းနှင့် အနာဂတ် နိုင်ငံတော်၏ ပညာရေးကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေး၊ တက္ကသိုလ်ဝင်တန်း အောင်ချက်မြင့်မားစေရေး အားလုံး ဝိုင်းဝန်းကြိုးစား ဆောင်ရွက်သွားကြစေ လိုကြောင်း ပြောကြားခဲ့သည်။

          ထို့နောက် ဗဟိုအဆင့်ဆုရရှိသူများအား ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်တို့က ဂုဏ်ပြုမှတ်တမ်းနှင့် ဂုဏ်ပြုဆုများ အသီးသီး ချီးမြှင့်ပေးအပ်ခဲ့ကြသည်။ ၎င်းနောက် အစိုးရအဖွဲ့ တာဝန်ရှိသူများက သက်ဆိုင်ရာကဏ္ဍအလိုက် ထူးချွန်ဆုရရှိသူများအား ဆုများအသီးသီး ချီးမြှင့် ပေးအပ်ခဲ့ကြသည်။

          ဆက်လက်၍ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း ကျောင်းသား/သူများက “ရွှေမြန်မာ”သီချင်းဖြင့်လည်းကောင်း၊ အမှတ်(၈)အခြေခံပညာအထက်တန်းမှ ကျောင်းသား/သူများက “အလှကမ္ဘာမြေ” သီချင်းဖြင့်လည်းကောင်း၊  အခြေခံပညာအထက်တန်းကျောင်း မြို့အနောက်(ခ)မှ ကျောင်းသား/သူများက “ပြည်ထောင်စုကြီး ထာဝရတည်တံ့စေသား” သီချင်းဖြင့်လည်းကောင်၊ အမှတ်(၃)အခြေခံပညာ အထက်တန်း ကျောင်းမှ ကျောင်းသား/သူများက “အဖြူရောင်သံစဉ်” သီချင်းဖြင့်လည်းကောင်း ဖျော်ဖြေတင်ဆက်ခဲ့ကြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီးတို့က ဖျော်ဖြေတင်ဆက်ခဲ့ကြသည့် ဘင်ခရာ/ပန်းပွါးနှင့် တီးခတ်သီဆို ကပြခဲ့ကြသည့် ကျောင်းသား/သူများအား ဂုဏ်ပြုဆုငွေများ ချီးမြှင့်ပေးအပ်ခဲ့ပြီး ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ပညာရေးစုံညီပွဲတော် အထိမ်းအမှတ်ပြခန်းအား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်း သတင်းရရှိသည်။