Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးမြို့၌  MSMEs လယ်ယာသုံးစက်ကိရိယာ ပစ္စည်းထုတ်ကုန်များ ပြပွဲ/ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား ကျင်းပ ပြုလုပ်

ပဲခူးမြို့၌  MSMEs လယ်ယာသုံးစက်ကိရိယာ ပစ္စည်းထုတ်ကုန်များ ပြပွဲ/ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား ကျင်းပ ပြုလုပ်

ပဲခူး အောက်တိုဘာ ၃

          ပဲခူးမြို့၊ ဆုတောင်းပြည့်ရွှေမော်ဓောဘုရား ယာဉ်ရပ်နားဝန်း၌ ယမန်နေ့၊ ညနေပိုင်းက  ပဲခူးတိုင်း ဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ MSMEs လယ်ယာသုံးစက်ကိရိယာ ပစ္စည်းထုတ်ကုန်များ ပြပွဲ/ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။

          ရှေးဦးစွာ MSMEs လယ်ယာသုံးစက်ကိရိယာ ပစ္စည်းထုတ်ကုန်များ ပြပွဲ/ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားအား စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း၊ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊ စီးပွားရေးရာဝန်ကြီးနှင့် တာဝန်ရှိသူတို့က ဖွင့်ပွဲအဝင်မုခ်ဦးဆိုင်းဘုတ် အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြသည်။

          ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီး ဝန်ကြီးချုပ်တို့သည် ပဲခူးတိုင်းဒေသကြီးအတွင်းမှ ထုတ်လုပ်၍ ပြည်နယ်နှင့်တိုင်းဒေသကြီးများသို့ ဖြန့်ဖြူးပေးလျက်ရှိသည့် လယ်ယာသုံးစက်ကိရိယာပြခန်း များအား လှည့်လည်ကြည့်ရှုအားပေးခဲ့ရာ ပြခန်းအလိုက် လယ်ယာသုံးစက်ကိရိယာထုတ်လုပ်သူများက ရှင်းလင်းပြောကြားခဲ့ကြသည်။

          ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ စိုက်ပျိုးသီးနှံအလိုက် ပန်းတိုင်အထွက်နှုန်းရရှိရေး၊ မိရိုးဖလာစိုက်ပျိုးနည်းစနစ်မှ သိပ္ပံနည်းကျစက်မှုလယ်ယာစနစ်သို့ ပြောင်းလဲနိုင်ရေး၊ ပြည်ပပို့ကုန်အစားထိုး နိုင်ရေးနှင့် အရည်အသွေးပြည့်ဝပြီး ဈေးနှုန်းသင့်လျော်သည့် ပြည်တွင်းထုတ်ကုန်များ ကျယ်ကျယ်ပြန့်ပြန့် သုံးစွဲနိုင်စေရေး ရည်ရွယ်၍ MSMEs လယ်ယာသုံး စက်ကိရိယာ ပစ္စည်းထုတ်ကုန်များ ပြပွဲ/ပြိုင်ပွဲအား ကျင်းပပြုလုပ်ပေးခြင်းဖြစ်ရာ မြို့နယ်(၂၈)မြို့နယ်မှ ထုတ်လုပ်လျက်ရှိသည့် ကောက်စိုက်စက်ကိရိယာ အမျိုးမျိုး၊ စပါးအခြောက်ခံစက်၊ ဘက်စုံသုံးချွေလှေ့စက်အမျိုးမျိုး၊ မျိုးစေ့ချစက်အမျိုးမျိုး၊ ပေါင်းလိုက်/ ပေါင်းရှင်းကိရိယာအမျိုးမျိုး၊ ဆေးဖြန်းစက်အမျိုးမျိုး၊ စပါးသယ်ယူစက်အမျိုးမျိုး၊ နှမ်းဘောင်ကြီးတင်စက်များ၊ မြေဩဇာချစက်များ၊ ကြံစိုက်စက်များ၊ သဘာဝမြေဩဇာနှင့် ပိုးသတ်ဆေးအမျိုးမျိုး စုစုပေါင်း လယ်ယာသုံး ပစ္စည်းနှင့် ဆက်စပ်ပစ္စည်း(၁၅၀)ကျော်အား ဆိုင်ခန်းပေါင်း(၄၄)ခန်းဖြင့် ခင်းကျင်းပြသထားပြီး အနယ်နယ် အရပ်ရပ်မှ တောင်သူများ စိတ်ဝင်တစား လာရောက်လေ့လာ ဝယ်ယူလျက်ရှိကြောင်း သတင်းရရှိသည်။