ပြည် ဇွန် ၃
ပြည်မြို့၊ ခေတ္တရာရတနာခန်းမ၌ ယမန်နေ့ နံနက်ပိုင်းက အပတ်စဉ်(၃၁) သူနာပြုသားဖွား သင်တန်းသား/သူများ၏ ဂျူတီကုတ်၊ ဦးဆောင်းအပ်နှင်းပွဲနှင့် ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်တို့ တက်ရောက် ချီးမြှင့်ခဲ့သည်။
ရှေးဦးစွာ သင်တန်းသား/သူများက “ပျူအက” ဖြင့် အခမ်းအနားအား ဖွင့်လှစ်ပေးခဲ့ကြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးနှင့် ပညာရည်မြင့်မားရေးဆောင်ရွက်ရာတွင် တိုင်းဒေသကြီးအတွင်း ကျေးလက်အစွန်အဖျားဒေသများအထိ တိုးမြှင့်လွှမ်းခြုံမှုပေးနိုင်ရေး အလေးထားဆောင်ရွက်ပေးလျက်ရှိသည့်အပြင် သင်တန်းသားများ အေးချမ်း ပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရေး သင်တန်းကျောင်းများ၏ လိုအပ်ချက်များကို အချိန်နှင့်တစ်ပြေးညီ ပံပိုးဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ပြည်သူအားလုံး ကျန်းမာကြံ့ခိုင်ရေးအတွက် ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ရာတွင် သူနာပြုသားဖွားများ၏ကဏ္ဍသည် အလွန်အရေးကြီးပြီး ကျန်းမာရေး မြှင့်တင်မှုပေးခြင်း၊ ရောဂါကာကွယ်ခြင်း၊ ပဏာမကျန်းမာရေး စောင့်ရှောက်မှုပေးခြင်းနှင့် ပြည်သူ့ကျန်းမာရေးလုပ်ငန်းများတွင်လည်း အဓိကတာဝန်ယူ ထမ်းဆောင်နေကြသူများပင်ဖြစ်ကြောင်း၊ သင်တန်းသား/သူများအနေဖြင့် ပြည်သူ့အကျိုးပြုသူနာပြုကောင်းများဖြစ်အောင် စာတွေ့/လက်တွေ့ကို မျက်ခြေမပြတ် ဆည်းပူးလေ့လာပြီး ဒီပလိုမာအဆင့်မှ ဘွဲ့ကြိုသိပ္ပံဘွဲ့၊ ဘွဲ့လွန်ဒီပလိုမာ၊ မဟာသိပ္ပံဘွဲ့၊ ပါရဂူဘွဲ့ များအား ပြည်တွင်းသာမက ပြည်ပအထိပါ တက်လှမ်းရယူနိုင်ရေး ကြိုးစားကြစေလိုကြောင်း၊ သင်တန်းက ချမှတ်ထားသည့် စည်းကမ်းများကို လိုက်နာပြီး စံပြသူနာပြု/သားဖွားဆရာ/ ဆရာမ ကောင်း များဖြစ်အောင် ကြိုးစားသွားကြစေလိုကြောင်း ပြောကြားခဲ့သည်။
ယင်းနာက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က အပတ်စဉ်(၂၈)(၂၉)(၃၀)(၃၁) သူနာပြုနှင့် သားဖွား သင်တန်း ပမထ ပညာရည်ချွန်ဆု ရရှိသူများအား ဂုဏ်ပြုလက်မှတ်နှင့် ဂုဏ်ပြုဆုအား ပေးအပ်ခဲ့သည်။ ၎င်းနောက် သူနာပြုနှင့် သားဖွားသင်တန်းကျောင်း ကျောင်းအုပ် ဆရာမကြီးက ဦးဆောင်းအပ်နှင်း ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး ဂျူတီကုတ်နှင့် ဦးဆောင်းများ အပ်နှင်းပေးခဲ့ကြသည်။
ထို့နောက် သင်တန်းသား/သူများက သူနာပြုသစ္စာအဓိဌာန်အား ရွတ်ဆိုဂါရဝပြုခဲ့ကြပြီး “ကရုဏာ အလင်း” သီချင်းဖြင့် သီဆိုဖျော်ဖြေခဲ့ကြသည်။ ၎င်းနောက် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများက သူနာပြုနှင့် သားဖွားသင်တန်း အပတ်စဉ်(၂၈)၊ (၂၉)၊ (၃၀)နှင့် (၃၁)တို့မှ ဒုတိယ၊ တတိယ ပညာရည်ချွန် ဆုရရှိသူများအား ဂုဏ်ပြုလက်မှတ်နှင့် ဂုဏ်ပြုဆုများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြရာ သင်တန်းသား တစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဇနီးတို့က ဖျော်ဖြေတင်ဆက်ခဲ့သည့် သင်တန်းသား/သူ များနှင့် သင်တန်းကျောင်းအတွက် သီးခြားဂုဏ်ပြုငွေများ ချီးမြှင့်ပေးအပ်ခဲ့ပြီး သင်တန်းသား/သူများအား ရင်းရင်းနှီးနှီးလိုက်လံ နှုတ်ဆက်အားပေးခဲ့ကြောင်း သိရှိရသည်။
ဆက်လက်၍ တို်ငးဒေသကြီး ဝန်ကြီးချုပ်သည် မွန်းလွဲပိုင်း၌ ပြည်မြို့၊ ဇောတိကာရုံပါဠိ တက္ကသိုလ်၌ ကျင်းပပြုလုပ်လျက်ရှိသည့် ဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲသို့ သွားရောက်ကြည်ညိုခဲ့ပြီး နာယက ဆရာတော်ကြီးများ၊ ကြီးကြပ်ဆရာတော်ကြီးများနှင့် စာဖြေသံဃာတော်များအတွက် နဝကမ္မအလှူငွေနှင့် အအေးဗူးများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။