Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / မြို့နယ်အလိုက် စိုက်ပျိုးရေးကဏ္ဍ၊ မွေးမြူရေးကဏ္ဍနှင့် စီးပွားရေးကဏ္ဍ ဟန်ချက်ညီညီ ဖွံ့ဖြိုးတိုးတက် စေရေး ကြိုးပမ်းဆောင်ရွက်ရန် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း လမ်းညွှန်မှာကြား

မြို့နယ်အလိုက် စိုက်ပျိုးရေးကဏ္ဍ၊ မွေးမြူရေးကဏ္ဍနှင့် စီးပွားရေးကဏ္ဍ ဟန်ချက်ညီညီ ဖွံ့ဖြိုးတိုးတက် စေရေး ကြိုးပမ်းဆောင်ရွက်ရန် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း လမ်းညွှန်မှာကြား

ပဲခူး မေ ၂၇

          ပဲခူးတိုင်းအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ မေလ(၂၇)ရက်နေ့၊ နံနက်ပိုင်းက တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်၍ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်သည်။

         ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဒေသတွင်းစားရေရိက္ခာဖူလုံပိုလျှံရေးအတွက် သီးနှံစိုက် စွမ်းအား၊ သီးထပ်စွမ်းအားတိုးတက်ရန်နှင့် ကုန်ထုတ်လုပ်မှုကဏ္ဍ တိုးမြှင့်ဆောင်ရွက်သွားရမှာဖြစ် ကြောင်း၊ ရေမြေရာသီဥတုနှင့်ကိုက်ညီပြီး ပန်းတိုင်အထွက်နှုန်း ကျော်လွန်ထွက်ရှိသည့် မျိုးကောင်း မျိုးသန့်များ ရွေးချယ်စိုက်ပျိုးရန်နှင့် ဆီထွက်သီးနှံ နှမ်း၊ နေကြာသီးနှံ ပန်းတိုင်အထွက်နှုန်း ထွက်ရှိစေရေး မျိုး၊ မြေ၊ ရေ၊ နည်း ပြောင်းလဲဆောင်ရွက်သွားရမှာဖြစ်ကြောင်း၊ ဇွန်လအတွင်း အပြီးရိတ်သိမ်းမည့် နွေစပါးစိုက်ဧကများ မိုးစပါးအချိန်မီ ပြန်လည်စိုက်ပျိုးနိုင်ရေး ကြိုတင်ပျိုးထောင်ထားရမှာဖြစ်ကြောင်းနှင့် မိုးသီးနှံများ သတ်မှတ်ဧကအတိုင်း အပြည့်အဝ စိုက်ပျိုးရန်အတွက် ဆောင်ရွက်သွားရမှာဖြစ်ကြောင်း၊ စားဖိုဆောင်သီးနှံ ဖူလုံပိုလျှံစေရေး အလေးထားစိုက်ပျိုးရန် ဒေသ အလိုက် အသား၊ ဥ ၊ နို့၊ ငါး စားသုံးမှု ဖူလုံစေရေး လအလိုက်တိုးချဲ့မွေးမြူရမည့် စီမံချက်အတိုင်း အပြည့်အဝ အကောင်အထည်ဖော် ဆောင်ရွက် သွားရမှာဖြစ်ကြောင်း၊ MSMEs လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ချေးငွေရရှိရေး၊ နည်းပညာ ရရှိရေးအပြင် ဒေသထွက် ကုန်ကြမ်းပစ္စည်းကို အခြေခံပြီး ထုတ်လုပ်သွားမှသာ သင့်တင့်သည့်စျေးနှုန်းဖြင့် သွင်းကုန်အစားထိုး အသုံးပြုနိုင်မှာဖြစ်ကြောင်း၊ One Region One Product (OROP) ထုတ်ကုန် များနှင့်ပတ်သက်၍ ထုတ်ကုန်အရည်အသွေးမြင့်မားစေရေး ဆက်လက်ဆောင်ရွက်သွားရမှာဖြစ်ကြောင်း၊ ရသင့်ရထိုက်သည့် အခွန်ဘဏ္ဍာငွေများ အပြည့်အဝ ကောက်ခံသွားရန်နှင့် အခွန်ထမ်းသစ်များ ထပ်မံ ဖော်ထုတ် ဆောင်ရွက်သွားရမှာဖြစ်ကြောင်းနှင့် တိုင်းဒေသကြီးအတွင်း စိုက်ပျိုးရေးကဏ္ဍ၊ မွေးမြူရေး ကဏ္ဍနှင့် စီးပွားရေးကဏ္ဍ ဟန်ချက်ညီညီ ဖွံ့ဖြိုးတိုးတက်စေရေး အားလုံးဝိုင်းဝန်း ကြိုးပမ်းဆောင်ရွက် သွားကြစေလိုကြောင်း ပြောကြားခဲ့သည်။

              ထို့နောက် ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများက မြို့နယ်အလိုက် အုပ်ချုပ်ရေး၊ စီးပွါးရေးနှင့် လူမှုရေးဆိုင် ဆောင်ရွက်ချက်များနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစီမံချက်များအား Power Point ဖြင့် အသေးစိတ်ရှင်းလင်းတင်ပြခဲ့ကြသည်။ ၎င်းနောက် တက်ရောက်လာသည့် တိုင်းဒေသကြီး အဆင့် ဌာနဆိုင်ရာများက သက်ဆိုက်ရာကဏ္ဍအလိုက် ဖြည့်စွက်ရှင်းလင်း တင်ပြခဲ့ကြသည်။

             ယင်းနောက် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများက ဦးစီးဌာနအလိုက် စိုက်ပျိုးရေးကဏ္ဍ၊ မွေးမြူရေးကဏ္ဍနှင့် စီးပွါးရေးကဏ္ဍ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေး သုံးသပ်အကြံပြုတင်ပြခဲ့ရာ တိုင်း ဒေသကြီး ဝန်ကြီးချုပ်က ကဏ္ဍအလိုက် အသေးစိတ်ဖြည့်စွက်လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိ သည်။