Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / “ရာဂီ”မုန်တိုင်းအရှိန်ကြောင့် တောင်ငူခရိုင်အတွင်း ရေကြီးနစ်မြှုပ် ထိခိုက်၊ပျက်စီးခဲ့သည့် သီးနှံများ ပြန်လည်အစားထိုးစိုက်ပျိုးရန်အတွက် ဆောင်းသီးနှံ မတ်ပဲနှင့် ပဲတီစိမ်းမျိုးစေ့များထောက်ပံ့ပေးအပ်

“ရာဂီ”မုန်တိုင်းအရှိန်ကြောင့် တောင်ငူခရိုင်အတွင်း ရေကြီးနစ်မြှုပ် ထိခိုက်၊ပျက်စီးခဲ့သည့် သီးနှံများ ပြန်လည်အစားထိုးစိုက်ပျိုးရန်အတွက် ဆောင်းသီးနှံ မတ်ပဲနှင့် ပဲတီစိမ်းမျိုးစေ့များထောက်ပံ့ပေးအပ်

တောင်ငူ အောက်တိုဘာ ၂၄

          တောင်ငူမြို့၊ ကေတုရတနာခန်းမ၌ ယမန်နေ့၊ မွန်းလွဲပိုင်းက “ရာဂီ” မုန်တိုင်းအရှိန်ကြောင့် တောင်ငူခရိုင်အတွင်း ရေကြီးနစ်မြှုပ် ထိခိုက်၊ပျက်စီးခဲ့သည့် သီးနှံများပြန်လည်အစားထိုး စိုက်ပျိုးရန် အတွက် ဆောင်းသီးနှံမတ်ပဲနှင့် ပဲတီစိမ်းမျိုးစေ့များထောက်ပံ့ပေးအပ်ပွဲ အခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ခဲ့သည်။

          ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက စက်တင်ဘာလအတွင်း “ရာဂီ”မုန်တိုင်း အရှိန်ကြောင့် ဒေသအလိုက် မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး တောင်ငူခရိုင်အပါအဝင် မြို့နယ်(၁၀)တွင် မိုးစပါးစိုက်ဧက(၁)သိန်း(၂)သောင်းကျော် ရေကြီးနစ်မြှုပ်ခဲ့ပြီး ပျက်စီးဧက(၇)သောင်း(၇)ထောင်ကျော် ရှိခဲ့ ပြီး ဧက(၁၅၀၀၀)ကျော်အား သက်တမ်းတိုစပါးမျိုးဖြင့် ပြန်လည်စိုက်ပျိုးနိုင်ရေး စီစဉ်ဆောင်ရွက်ပေးခဲ့ ကြောင်း၊ စပါးပြန်လည်စိုက်ပျိုးရန် အခြေအနေမပေးသည့် နေရာများမှာ မတ်ပဲ၊ ပဲတီစိမ်း၊ မြေပဲ၊ နေကြာ၊ ဆောင်းနှမ်း၊ အစေ့ထုတ်ပြောင်း အပါအဝင် ရေမြေသဘာဝနှင့်ကိုက်ညီသည့် သီးနှံများကို ပြန်လည်စိုက်ပျိုး သွားကြရမှာဖြစ်ကြောင်း၊ ထိခိုက်ခဲ့သည့် စပါးစိုက်ခင်းများ အထွက်နှုန်းလျော့နည်းမှုမရှိစေရေး ပြန်လည် ဖာထေးစိုက်ပျိုးခြင်းအပြင် လိုအပ်သည့်သွင်းအားစုများ ထည့်သွင်းနိုင်ရေး တွန်းအားပေး ဆောင်ရွက် လျက်ရှိကြောင်း၊ မြန်မာနိုင်ငံ ပဲမျိုးစုံ၊ ပြောင်းနှင့် နှမ်းကုန်သည်လုပ်ငန်း ရှင်များအသင်းမှ မိုးစပါး ပြန်လည်စိုက်ပျိုးနိုင်ခြင်းမရှိသည့် ရေတာရှည်၊ တောင်ငူ၊ အုတ်တွင်း၊ ထန်းတပင်မြို့နယ်အတွင်း ငွေကြေးအရင်းအနှီး အခက်အခဲရှိသည့် လုပ်ကွက်ငယ်တောင်သူများကို ဦးစားပေး ထောက်ပံ့နိုင်ရန် အတွက် မတ်ပဲမျိုးစေ့(၁၇၀၀)တင်းနှင့် ပဲတီစိမ်းမျိုးစေ့(၉၀၀)တင်းတို့ကို ပေးပို့လှူဒါန်းမှုအပေါ် ကျေးဇူး တင်ရှိကြောင်းနှင့် တောင်သူများမှလည်း အကျိုးရှိရှိ ပြန်လည်အသုံးချပြီး သီးနှံစိုက်ပျိုး ထုတ်လုပ် မှု လျော့နည်းကျဆင်းမှုမရှိစေရေး၊ မိသားစုဝင်ငွေရရှိပြီး မူလအခြေအနေသို့ အမြန်ဆုံးပြန်လည် ရောက်ရှိ စေရေး ဝိုင်းဝန်းကြိုးပမ်းသွားကြစေလိုကြောင်း ပြောကြားခဲ့သည်။

          ထို့နောက် ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး အောင်သောင်းထိုက်၊ စီးပွားရေးရာဝန်ကြီး ဦးတင်ဦး၊ လမ်းပန်းဆက်သွယ်ရေးရာ ဝန်ကြီး ဦးတင်ဆွေနှင့် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်၊ တိုင်းဦးစီးချုပ် ဗိုလ်မှူးချုပ် ဝင်းထွဋ်လေးတို့က တောင်ငူခရိုင်အတွင်း ရေကြီးနစ်မြှုပ်မှုကြောင့် မိုးစပါးပြန်လည်မစိုက်ပျိုးနိုင်တော့သည့် တောင်သူများ အတွက် ဆောင်းသီးနှံတိုးချဲ့စိုက်ပျိုးနိုင်ရေး မတ်ပဲမျိုးစေ့နှင့် ပဲတီစိမ်းမျိုးစေ့များ ထောက်ပံ့ပေးအပ်ခဲ့သည်။ ၎င်းနောက် တက်ရောက်လာသည့် ဒေသခံတောင်သူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက် အားပေး စကား ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။