ပဲခူး နိုဝင်ဘာ ၈

ပဲခူးမြို့၊ အမှတ်(၇၇)ခြေမြန်တပ်မဌာနချုပ်၊ ရန်ငြိမ်းအေးခန်းမ၌ နိုဝင်ဘာလ(၈)ရက်နေ့၊ နံနက်ပိုင်းက လုံခြုံရေးတပ်ဖွဲ့ဝင် မိသားစုများအတွက် စက်ချုပ်၊ စားသောက်ကုန်၊ လူသုံးကုန် သင်တန်းဆင်းပွဲနှင့် လုပ်ငန်းသုံးပစ္စည်းများ ပေးအပ်ပွဲသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်တို့ တက်ရောက်ချီးမြှင့်ခဲ့သည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက မြို့ပြနှင့်ကျေးလက်နေပြည်သူများ အလုပ် အကိုင်အခွင့်အလမ်းများ ဖြစ်ထွန်းပေါ်ပေါက်စေရေးနှင့် အသေးစား MSMEs လုပ်ငန်းများ တိုးတက်လာစေရေး သက်မွေးနည်းပညာသင်တန်းများကို အရှိန်အဟုန်မြှင့် ဒေသအစုံတွင် ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း၊
ယခုဖွင့်လှစ်ပေးခဲ့သည့် စက်ချုပ်နည်းပညာ သင်တန်း၊ စားသောက်ကုန်ပြုလုပ်ခြင်း နည်းပညာသင်တန်းနှင့် လူသုံးကုန်ပြုလုပ်ခြင်း နည်းပညာသင်တန်း များ ဖွင့်လှစ်ပေးနိုင်ခဲ့၍ လုံခြုံရေးတပ်ဖွဲ့ဝင် မိသားစုများအတွက် တစ်ဘက်တစ်လမ်းမှ ဝင်ငွေတိုးတက်ရရှိခြင်း၊ အလုပ်အကိုင်အခွင့်အလမ်းများရရှိခြင်းအပြင် ကိုယ်ပိုင်လုပ်ငန်း ငယ်များ ထူထောင်နိုင်ခြင်း စသည့်အကျိုးကျေးဇူးများ ချက်ချင်းရရှိတော့မှာဖြစ်ကြောင်း၊ သင်တန်းအလိုက် ထူးချွန်သူများကို လုပ်ငန်းသုံးပစ္စည်းများ ချီးမြှင့်ပေးအပ်သွားမှာဖြစ်ကြောင်း၊ ဒေသထွက်ကုန်ကြမ်းပစ္စည်းများ ကို အခြေခံပြီး ကုန်ချောအဖြစ် ပြောင်းလဲထုတ်လုပ်နိုင်ခြင်းကြောင့် သွင်းကုန်အစားထိုးနိုင်ခြင်း၊ သယ်ယူစရိတ် လျော့နည်းသဖြင့် ဈေးနှုန်းချိုသာခြင်း၊ ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုအတွက် ရင်းနှီးမတည်ရမည့် ငွေကြေး အခက်ခဲရင်ဆိုင်မှုမှကင်းဝေးနိုင်ခြင်းတို့အတွက် ယခုလိုသက်မွေးနည်းပညာသင်တန်းများ ဖွင့်လှစ်ပေးရခြင်း ဖြစ်၍ လုံခြုံရေးတပ်ဖွဲ့ဝင် မိသားစုများအနေဖြင့် ပေးအပ်လိုက်သည့် လုပ်ငန်းသုံးပစ္စည်းများကို စနစ်တကျ ကိုင်တွယ်အသုံးချပြီး အသေးစားကုန်ထုတ်လုပ်ငန်းမှသည် အောင်မြင်သည့် ကုန်ထုတ်လုပ်ငန်းကြီးများအဖြစ် ပြောင်းလဲတိုးတက်ပါစေကြောင်း ပြောကြားခဲ့သည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်တို့က သင်တန်းအလိုက် ထူးချွန်သင်တန်းသူများအား လုပ်ငန်းသုံးပစ္စည်းများအား ချီးမြှင့်ပေးအပ်ခဲ့သည်။ ၎င်းနောက် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးတို့က လုပ်ငန်းသုံးပစ္စည်းများနှင့် သင်တန်းဆင်း လက်မှတ်များ ချီးမြှင့်ပေးအပ်ခဲ့ကြသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဇနီး တာဝန်ရှိသူများက စားသုံးကုန်ထုတ်လုပ်ခြင်း နည်းပညာသင်တန်းမှ သင်ကြားပေးထားသည့်စားသုံးကုန်များ၊ လူသုံးကုန်နည်းပညာသင်တန်းမှ သင်ကြား ပေးထားသည့် လူသုံးကုန်ပစ္စည်းများ၊ စက်ချုပ်နည်းပညာသင်တန်းမှ သင်ကြားပေးထားသည့် အဝတ် အထည်အမျိုးမျိုးနှင့် လုပ်ငန်းသုံးပစ္စည်းများအား လှည့်လည်ကြည့်ရှုအားပေးခဲ့ပြီး သင်တန်းနည်းပြများ အတွက် ချီးမြှင့်ငွေများ ပေးအပ်ခဲ့သည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ပဲခူးမြို့၊ ရွှေမော်ဓောစေတီတော်မြတ်ကြီး ရင်ပြင်တော်ပေါ်၌ တပ်မတော်ကြည်း၊ရေ၊လေ မိသားစုဝင်များ စုပေါင်းလှူဒါန်းမှုဖြင့် နေပူခံကျောက်ပြား ခင်းခြင်းနှင့် အာရုံခံတန်ဆောင်းများ ပြန်လည်ပြုပြင်မွမ်းမံနေမှုများအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး သတ်မှတ်ကာလအတွင်း စံချိန်စံညွှန်နှင့်အညီ အချိန်မီပြီးစီးရေး တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ Bago Region Government – Official Website