ပဲခူး မေလ ၂၅
ပဲခူးတိုင်းဒေသကြီးလူငယ်ရေးရာကော်မတီနှင့် ပဲခူးတိုင်းဒေသကြီးအားကစားနှင့်ကာယပညာဦးစီး ဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် ၂၀၂၅ခုနှစ်၊ နွေရာသီအဆင့်မြင့် အားကစားသင်တန်းဆင်းပွဲ အခမ်းအနား အား မေလ(၂၅)ရက်နေ့၊ နံနက်ပိုင်းက ပဲခူးမြို့၊ ရွှေမော်ဓောဘုရားလမ်းရှိ တိုင်းဒေသကြီးအားကစား ခန်းမ၌ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်ဇနီး ဒေါ်စိုးစိုးသက်တို့ တက်ရောက် ချီးမြှင့်ခဲ့သည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးလူငယ်ရေးရာကော်မတီ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း က အနာဂတ်နိုင်ငံတော်တွင် ကျန်းမာကြံ့ခိုင်ပြီး ထူးချွန်ထက်မြတ်သော လူရည်ချွန်များပေါ်ထွက် လာစေ ရေးအတွက် အားကစားနည်းအလိုက် ဗီဇပါရမီ ရင့်သန်၍ အောင်မြင်မှုအလားအလာရှိသည့် ရွက်ပုန်းသီး မျိုးဆက်သစ် အားကစားသမားများ ပေါ်ထွက်လာစေရေးအတွက် နွေရာသီအဆင့်မြင့် အားကစား သင်တန်းများ ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း၊ တန်ဖိုးရှိသည့် လူတော်လူကောင်းများ ဖြစ်လာစေရေး မိဘ အုပ်ထိန်းသူများအနေဖြင့် မိမိတို့ရဲ့ရင်သွေးငယ်များကို စဉ်ဆက်မပြတ်ဖွင့်လှစ်ပေးမည့် နွေ၊ မိုး၊ ဆောင်း နှစ်လုံးပေါက်အားကစား သင်တန်းများကို တက်ရောက်သင်ကြားနိုင်ရေး အားပေးပံ့ပိုးသွားရန်ကြရန်နှင့် သင်တန်းမှ သင်ကြားပေးလိုက်သည့် အားကစားနည်းအလိုက် နည်းစနစ်နှင့် ကျွမ်းကျင်မှုများကို အခြေခံ ပြီး ဆက်လက်လေ့လာလေ့ကျင့်ခြင်းများ ဆောင်ရွက်သွားကြရန်လိုအပ်ကြောင်း သင်တန်းဆင်း အမှာ စကား ပြောကြားခဲ့သည်။
ထို့နောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ဟော်ကီ၊ ဘောလုံး၊ အေရိုးဗစ်နှင့် Fitness Dance အားကစား နည်း(၄)နည်းမှ သင်တန်းသား၊သင်တန်းသူများအား သင်တန်းဆင်းလက်မှတ် များပေးအပ်သည်။ ၎င်းနောက် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးက ကရာတေး၊ ဘတ်စကက်ဘောနှင့် မြန်မာ့သိုင်းအားကစားနည်း (၃)နည်းမှ သင်တန်းသား၊ သင်တန်းသူများလည်းကောင်း၊ လူမှုရေးရာ ဝန်ကြီးက ဖူဆယ်၊ တင်းနစ်နှင့် ကြက်တောင် အားကစားနည်း(၃)နည်းမှ သင်းတန်းသား၊ သင်တန်းသူ များလည်းကောင်း သင်တန်းဆင်းလက်မှတ်များ အသီးသီး ပေးအပ်ခဲ့ကြသည်။
ယင်းနောက် အေရိုးဗစ်၊ ကရာတေး၊ Fitness Danceနှင့် မြန်မာ့သိုင်း စသည့် အားကစားနည်း အလိုက် သင်တန်းသား/သင်တန်းသူများက သရုပ်ပြသကစားကြရာ ပဲခူးတိုင်းဒေသကြီး လူငယ်ရေးရာ ကော်မတီ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်က နည်းပြဆရာ/ ဆရာမ(၃၆)ဦးနှင့် သရုပ်ပြဖျော်ဖြေ တင်ဆက်ခဲ့ကြသည့် အားကစားသမားများအား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့သည်။
ပဲခူးတိုင်းဒေသကြီးလူငယ်ရေးရာကော်မတီနှင့် တိုင်းဒေသကြီးအားကစားနှင့်ကာယပညာဦးစီး ဌာနတို့ ပူးပေါင်း၍ ၂၀၂၅ခုနှစ်၊ ပဲခူးတိုင်းဒေသကြီးနွေရာသီ အဆင့်မြင့်အားကစားသင်တန်းအား မေလ(၉)ရက်နေ့မှ မေလ(၂၅)နေ့အထိ ဟောကီ၊ ဘောလုံး၊ အေရိုးဗစ်/ Fitness Dance၊ ကရာတေး၊ ဘတ်စကက်ဘော၊ မြန်မာ့သိုင်း၊ ဖူဆယ်၊ တင်းနစ်၊ ကြက်တောင် စသည့်အားကစားနည်း(၉)မျိုးအား ဖွင့်လှစ်သင်ကြားပေးခဲ့ပြီး အားကစားနည်းအလိုက် စုစုပေါင်းသင်တန်းသား/သင်တန်းသူ(၇၅၀)ဦး တက်ရောက် သင်ကြားခဲ့ကြကြောင်း သတင်းရရှိသည်။