ပဲခူး အောက်တိုဘာ ၂
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ယမန်နေ့၊ မွန်းလွဲပိုင်းက ပဲခူးတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ အစည်းအဝေး အမှတ်စဉ်(၄/၂၀၂၅) ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ ဥက္ကဋ္ဌ၊ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပြည်တွင်း/ပြည်ပ အကြီးစားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများနှင့်ပတ်သက်၍ လုပ်ငန်းအမျိုးအစား (၇)ခုရှိပြီး စက်မှုကဏ္ဍတိုးတက်မှုနှင့်အတူ လျှပ်စစ်စွမ်းအင်ကဏ္ဍ၊ မွေးမြူရေးနှင့်ရေလုပ်ငန်းကဏ္ဍ၊ လယ်ယာကဏ္ဍများလည်း ရင်းနှီးမြှုပ်နှံမှုတိုးတက်အောင် ဆောင်ရွက်သွားရမှာဖြစ်ကြောင်း၊ ပြည်တွင်း/ ပြည်ပ ရင်းနှီးမြှုပ်နှံမှုများတွင် ဒေသထွက်ကုန်ကြမ်းပစ္စည်းများကို အခြေခံပြီး ပြည်ပသို့ ကုန်ချောပစ္စည်း တင်ပို့နိုင်ရန်အတွက် ဒေသတွင်းကုန်ကြမ်းပစ္စည်းများ၏ ထုတ်လုပ်မှုအရည်အသွေးကို ခေတ်နှင့်အညီ ဘက်စုံမြှင့်တင်ပေးသွားရမှာဖြစ်ကြောင်း၊ လယ်ယာကဏ္ဍအတွက် ဓါတ်မြေဩဇာ သွင်းအားစုထုတ်လုပ်သည့် ကုမ္ပဏီများ လာရောက် ရင်းနှီးမြှုပ်နှံနိုင်ရေး ချိတ်ဆက်ဆောင်ရွက်သွားရမှာဖြစ်သလို ကုန်ထုတ်လုပ်မှု စဉ်ဆက်မပြတ် တိုးတက်စေရေး စက်ရုံများအလိုက် တစ်ပိုင်တစ်နိုင် ဆိုလာတပ်ဆင်သုံးစွဲနိုင်ရေး ဆောင်ရွက် ပေးသွားရမှာဖြစ်ကြောင်း၊ စက်မှုလုပ်ငန်းများနှင့်ပတ်သက်၍ အန္တရာယ်ရှိနိုင်သည့် စွန့်ပစ်ပစ္စည်းများအား သက်ဆိုင်ရာ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၏ သတ်မှတ်နည်းလမ်းအတိုင်း ဖျက်ဆီးစွန့်ပစ် သွားရမှာဖြစ်ကြောင်း၊ ပဲခူး၊ သနပ်ပင်၊ ကဝ၊ ဝေါမြို့နယ်တို့သည် ငါးမွေးကန်များ၊ သဘာဝချောင်းမြောင်း အင်းအိုင် ပေါများသည့်ဒေသဖြစ်၍ ရေထွက်ကုန်ပစ္စည်းများအား တန်ဖိုးမြှင့်ထုတ်ကုန်အဖြစ် ထုတ်လုပ် နိုင်သည့် အအေးခန်းစက်ရုံများ၊ ဆီသွပ်ဗူးစက်ရုံများ လာရောက်ဆောင်ရွက်နိုင်ရေး ဖိတ်ခေါ်ဆောင်ရွက်သွား ရမှာဖြစ်ကြောင်းနှင့် ဒေသတွင်း အလုပ်အကိုင်အခွင့်အလမ်းများ စဉ်ဆက်မပြတ် တိုးတက်စေရေးနှင့် ထိုက်သင့်သည့် လုပ်ခလစာရရှိရေး တာဝန်ရှိသူများက ကြိုးစားဆောင်ရွက်ပေးကြစေလိုကြောင်း ပြောကြား ခဲ့သည်။
ထို့နောက် ပဲခူးတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ အတွင်းရေးမှူး၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးက ပြည်ပရင်းနှီးမြှုပ်နှံမှုလုပ်ငန်းသစ်(၁)ခု၊ ပြည်တွင်း ရင်းနှီး မြှုပ်နှံမှုလုပ်ငန်းသစ်(၁)ခု တိုးတက်ဝင်ရောက်လာမှုနှင့် ပြည်တွင်း/ပြည်ပ ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီများ၏ ကုန်ကြမ်းပစ္စည်းထပ်တိုးတင်သွင်းမှုအတွက် ရင်းနှီးမြှုပ်နှံမှုတိုးချဲ့ခြင်းစသည့် လုပ်ငန်းများအလိုက် အမှုတွဲ များအား Power Point ဖြင့် ရှင်းလင်းတင်ပြခဲ့သည်။
ယင်းနောက် တက်ရောက်လာသည့် ပဲခူးတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ အဖွဲ့ဝင်များက ပဲခူးတိုင်းဒေသကြီးအတွင်း ပြည်တွင်း/ပြည်ပ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းသစ်များ တိုးတက်စေရေးနှင့် ရှိပြီးသား လုပ်ငန်းများ ဆက်လက်ရေရှည်ရပ်တည်နိုင်ရေး ဝိုင်းဝန်းအကြံပြုဆွေးနွေးတင်ပြခဲ့ကြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် တင်ပြသည့်အမှုတွဲပါ လုပ်ငန်းတစ်ခုချင်းအလိုက် ဥပဒေနှင့်အညီ ဖြေရှင်းဆုံးဖြတ်ပေးခဲ့ ကြောင်း သိရှိရသည်။
ပဲခူးတိုင်းဒေသကြီးအတွင်း ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ(၁)ရက်နေ့မှစ၍ ယနေ့အထိ နိုင်ငံခြား ရင်းနှီး မြှုပ်နှံမှု အမေရိကန်ဒေါ်လာ(၂၁၂.၅၆၅)သန်း၊ နိုင်ငံသားရင်းနှီးမြှုပ်နှံမှု ငွေကျပ်(၂၁၂၈၀၀.၇၉၅)သန်းနှင့် အလုပ်အကိုင်အခွင့်အလမ်း(၁၄၀၆၃)ဦး ဖန်တီးနိုင်ခဲ့ပြီး ၂၀၂၅ ခုနှစ် စက်တင်ဘာလအတွင်း နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံမှု အမေရိကန် ဒေါ်လာ(၂.၈၁၇)သန်းနှင့် မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှု ငွေကျပ်(၄၅၀၀)သန်း တိုးတက်ဝင်ရောက်ခဲ့ကာ ဒေသတွင်းအလုပ်အကိုင်အခွင့်အလမ်း(၁၄၅)ဦး ရရှိခဲ့ကြောင်း သတင်းရရှိသည်။