ပဲခူး မေ ၁၆
၂၀၂၅-၂၀၂၆ ပညာသင်နှစ်“ကျောင်းနေအရွယ်ကလေးအားလုံး စဉ်ဆက်မပြတ်ပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့” ဆိုင်းဘုတ်စိုက်ထူပွဲ အခမ်းအနားအား မေလ(၁၆)ရက်နေ့၊ နံနက်ပိုင်းက ပဲခူးမြို့၊ တောင်ငူလမ်းနှင့် ဆေးရုံလမ်းထောင့်ရှိမြေနေရာ၌ ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်အဖွဲ့သည် ဆိုင်းဘုတ်စိုက်ထူပွဲ အခမ်း အနားသို့ ရောက်ရှိလာခဲ့ရာ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းနှင့် အမှတ်(၃)အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းသား/သူလေးများက ဘင်ခရာတီးခတ်ခြင်းနှင့် ပန်းပွားအက ကပြခြင်း တို့ဖြင့် ဂုဏ်ပြုကြိုဆိုခဲ့ကြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်နှင့် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်သောင်းထိုက်တို့က ၂၀၂၅-၂၀၂၆ ပညာသင်နှစ် “ကျောင်းနေအရွယ်ကလေးအားလုံး စဉ်ဆက်မပြတ်ပညာသင်ယူဖို့ ကျောင်း အပ်နှံကြပါစို့” ဆိုင်းဘုတ်အား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြကြောင်း သတင်းရရှိသည်။