Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်

(၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်

ပဲခူး ဇန်နဝါရီ ၁၉

======================

          ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ ဇန်နဝါရီလ(၁၉)ရက်နေ့၊ နံနက်ပိုင်းက (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်သည်။

          ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စု နေ့ အခမ်းအနားအား စည်ကားသိုက်မြိုက်အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် သက်ဆိုင်ရာ ဆပ်ကော်မတီများလည်း ဖွဲ့စည်းပေးထားပြီးဖြစ်ကြောင်း၊ ခရိုင်အလိုက် သစ်သီးဝလံ ပန်းမံပြပွဲများလည်း ထည့်သွင်းထားသလို ဌာနဆိုင်ရာများ၏ လုပ်ငန်းဆောင်ရွက်မှုပြခန်းများ၊ တိုင်းရင်းသားရိုးရာအစားအစာ ရောင်းချသည့် ဈေးဆိုင်ခန်းများ ထည့်သွင်းသွားမည်ဖြစ်ကြောင်းနှင့် ပြပွဲ/ပြိုင်ပွဲများအတွက်လည်း ထိုက်သင့်သည့် ဆုပေးပွဲ အခမ်းအနားများ ကျင်းပပြုလုပ်ပေးရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

          ထို့နောက် (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ အောင်မြင်စွာကျင်းပနိုင်ရေး ဖွဲ့စည်းပေး ထားသည့် ဆပ်မကော်မတီ(၁၃)ခုမှ ဥက္ကဋ္ဌများက ကဏ္ဍအလိုက် လုပ်ငန်းဆောင်ရွက်သွားမည့် အခြေ အနေများကိုလည်းကောင်း အသီးသီးတင်ပြဆွေးနွေးခဲ့မှုအပေါ် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီး များက ဖြည့်စွက်အကြံပြုတင်ပြခဲ့ကြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည်များ ဖြည့်စွက် လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။

          အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ အတွင်းရေးမှူးနှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။