ပဲခူး ဇွန် ၁၄
အလားအလာရှိသော ထူးချွန်ထက်မြက်သည့် မျိုးဆက်သစ် အားကစားသမားကောင်းများ ဖော်ထုတ် လေ့ကျင့်ပေးနိုင်ရေးနှင့် နိုင်ငံ့ကိုယ်စားပြု အားကစားသမားများ ပေါ်ထွက်လာစေရေးအတွက် ပဲခူးတိုင်း ဒေသကြီး ဝန်ကြီးချုပ်ဖလား(၆)ခရိုင်၊ အသက်(၁၈)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကို ဇွန်လ(၁၃)ရက်နေ့၊ ညနေပိုင်းအချိန်က ပဲခူးမြို့ ဥဿာမြို့သစ်ရှိ တိုင်းဒေသကြီး အားကစားဥယျာဉ် ဘက်စုံအားကစားကွင်း၌ ကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ချီးမြှင့်ပေးခဲ့သည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် အစိုးရအဖွဲ့တာဝန်ရှိသူများ၊ တိုင်းဒေသကြီး၊ ခရိုင်၊မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ကျောင်းသား/သူများ၊ ဒေသခံပြည်သူများက ပဲခူးခရိုင် အသင်းနှင့် သာယာဝတီခရိုင်အသင်းတို့ ဗိုလ်လုပွဲအဖြစ်ယှဉ်ပြိုင်ကစားနေမှုအား ကြည့်ရှုအားပေးကြရာ သာယာဝတီခရိုင် အသင်းက (၂:၀)ဂိုးဖြင့် အနိုင်ရရှိသွားသည်။
ထို့နောက် ဆုချီးမြှင့်ခြင်းအခမ်းအနား ဆက်လက်ကျင်းပပြုလုပ်ရာ ပွဲစဉ်တစ်လျှောက် နေရာအလိုက် (အကောင်းဆုံးဂိုးသမားဆု၊ အကောင်းဆုံးနောက်တန်းဆု၊ အကောင်းဆုံးအလယ်တန်းဆု၊ အကောင်းဆုံး ရှေ့တန်းဆုနှင့် အကောင်းဆုံးဘောလုံးသမားဆု)ဆုရရှိသူများအား ဆုတံဆိပ်နှင့် ငွေသားဆုကျပ်(၁)သိန်း စီကို တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး၊ ဥပဒေချုပ်နှင့် ဝန်ကြီးများက ပေးအပ်ချီးမြှင့်ကြပြီး တတိယဆု ရရှိသည့် ပြည်ခရိုင်အသင်းအား တစ်ဦးချင်းဆုတံဆိပ်များနှင့် ငွေသားဆုကျပ်(၇)သိန်းကို သယံဇာတရေးရာ ဝန်ကြီး ဦးတင်သိန်းက ပေးအပ်ချီးမြှင့်သည်။
ယင်းနောက် ဒုတိယဆုရရှိသော ပဲခူးခရိုင်အသင်းအား တစ်ဦးချင်းဆုတံဆိပ်များနှင့် ငွေသားဆု ကျပ်(၁၀)သိန်းအား စီးပွားရေးရာဝန်ကြီး ဦးတင်ဦးကလည်းကောင်း၊ ပထမဆုရရှိသော သာယာဝတီခရိုင် အသင်းအား တစ်ဦးချင်းဆုတံဆိပ်များကို လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်သောင်းထိုက် ကလည်းကောင်း အသီးသီးပေးအပ်ချီးမြှင့်သည်။
ဆက်လက်၍ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပထမရရှိသော သာယာဝတီခရိုင် အသင်းအား ပထမဆုဖလားနှင့် ငွေသားဆုကျပ်(၁၅)သိန်းအား ပေးအပ်ချီးမြှင့်ခဲ့ကြောင်းသိရသည်။
အဆိုပါ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ဖလား (၆)ခရိုင်၊ အသက်(၁၈)နှစ်အောက် အမျိုးသား ဘောလုံး ပြိုင်ပွဲအား ဇွန်လ(၂)ရက်နေ့မှ(၁၃)ရက်နေ့အထိ ကျငိးပပြုလုပ်ခဲ့ခြင်းဖြစ်ပြီး တိုင်းဒေသကြီး အတွင်းရှိ ပဲခူး၊ တောင်ငူ၊ ညောင်လေးပင်၊ ပြည်၊ သာယာဝတီ၊ နတ်တလင်းစသည့် ခရိုင်(၆)ခုမှ ကိုယ်စားပြု ပြိုင်ပွဲဝင်အသင်း (၆)သင်းပါဝင်ကာ အုပ်စု(က)နှင့် အုပ်စု(ခ)ဟူ၍ ခွဲခြားထားရှိပြီး အုပ်စုပတ်လည် ယှဉ်ပြိုင်ကစားခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။