သာယာဝတီ ၁၉
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် အတူ ယမန်နေ့၊ နံနက်ပိုင်းက သာယာဝတီခရိုင်အတွင်း စားရေရိက္ခာဖူလုံစေရေး စိုက်ပျိုး ရေးနှင့် မွေးမြူရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုအားပေးသည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် တာဝန်ရှိသူများသည် သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်၊ ဂွေးတောက်ကွင်းကျေးရွာအုပ်စုရှိ မွေးမြူရေးလုပ်ငန်းရှင် ဦးအေးစိုး၏ ငါးတန်ငါးမျိုး ကောင်ရေ(၂)သိန်းနှင့် ဥစားဘဲကောင်ရေ(၁၁၀၀) မွေးမြူထားရှိမှုတို့အား ကွင်းဆင်းကြည့်ရှုအားပေးခဲ့ပြီး ကိုယ်တိုင် သားဖောက်မွေးမြူရန်၊ ဒေသထွက် ကုန်ကြမ်းပစ္စည်းများအခြေပြု၍ မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်ရန်နှင့် အသားစားဘဲမွေးမြူရေးလုပ်ငန်းလည်း တိုးချဲ့ဆေင်ရွက်ရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပီထရိန်းအမျိုးအစား အသားတိုးဝက် ကောင်ရေ(၇၀)နှင့် DYL အမျိုးအသား မျိုးဝက်မ ကောင်ရေ(၂၀) မွေးမြူထားရှိမှုအား ကြည့်ရှုအားပေးခဲ့ပြီး ဇီဝလုံခြုံရေး အလေးထားဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့သည်။
ယင်းနောက် လက်ပံတန်းမြို့နယ်၊ ကျွန်းကလေးကျေးရွာ၌ မွေးမြူရေးလုပ်ငန်းရှင် ဦးရှိန်ဝင်း၏ ဒေသနွား၊ ဘရာမင် အမျိုးအစား အသားတိုးနွားနှင့် အင်ဒိုဘရာဇီးအမျိုးအစား နို့စားနွား စုစုပေါင်းနွား ကောင်ရေ(၉၆)ကောင် မွေးမြူထားရှိမှုအား ကြည့်ရှုအားပေးခဲ့ပြီး ဒေသနွားမျိုးများအား မေထုန်မဲ့သားစပ် ခြင်းဖြင့် မျိုးမြှင့်တင်ခြင်းဆောင်ရွက်ရန်၊ ခြံလှောင်စနစ်မှ ထွက်ရှိလာသည့် တိရစ္ဆာန်စွန့်ပစ်ပစ္စည်းများဖြင့် သဘာဝမြေဩဇာထုတ်လုပ်ရန်၊ ခြံလှောင်စနစ်အတွက် လိုအပ်သည့် အစာဖြည့်ဆည်းပေးနိုင်ရေး နေဗီယာမြက် စိုက်ပျိုးသွားရန်နှင့် ဒေသတွင်း မျိုးကောင်းမျိုးသန့်များ ထုတ်လုပ်ဖြန့်ဖြူးနိုင်ရေး ကျယ်ကျယ် ပြန့်ပြန့်ဆောင်ရွက်ရန် တာဝန်ရှိများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် သာယာဝတီမြို့နယ်၊ သင်တောရိုးကျေးရွာအုပ်စုရှိ ဆင်းသုခစပါး မျိုးစေ့ထုတ်စိုက်ခင်း အောင်မြင်ဖြစ်ထွန်းနေမှု၊ မျိုးကွဲ နှုတ်ပယ်နေမှုနှင့် စုပေါင်းမြေဩဇာကြဲပတ်နေမှုတို့အား ကွင်းဆင်းကြည့်ရှုအားပေးခဲ့ပြီး ဒေသတွင်း မျိုးကောင်းမျိုးသန့်မျိုးစေ့ထုတ်စိုက်ခင်းများ ကျယ်ကျယ်ပြန့်ပြန့် စိုက်ပျိုးရန်၊ ရေမြေသဘာဝနှင့် ကိုက်ညီ ပြီး ပန်းတိုင်အထွက်နှုန်းကျော်လွန်ထွက်ရှိသည့် တောင်သူသရုပ်ပြ စံပြစိုက်ခင်းများ ဆောင်ရွက်ရန်၊ တောင်သူကိုယ်တိုင် သဘာဝမြေဩဇာထုတ်လုပ်သုံးစွဲနိုင်ရေး အသိပညာပေးရနိနှင့် ဒေသတွင်း စပါးမျိုးကွဲ များပြားမှုအား လျော့ချသွားရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ပြီး ဒေသခံတောင်သူများနှင့် တွေ့ဆုံ၍ စိုက်ပျိုးသီးနှံအလိုက် ပန်းတိုင်အထွက်နှုန်းရရှိရေး မျိုး၊ မြေ၊ ရေ၊ နည်း ကောင်းမွန် ပြည့်စုံရေး အတကျယ်တဝံ့ ရှင်းလင်းပြောကြားခဲ့ကြောင်း သတင်းရရှိသည်။